နေပြည်တော် သြဂုတ် ၂၂

 

၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနား ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အခမ်းအနားကျင်းပရေး ဗဟိုအဖွဲ့ဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနား ကျင်းပရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး က နွေစပါးစိုက်ပျိုး ထုတ်လုပ်မှုနှင့် အဓိကပို့ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု သိသိသာသာ တိုးတက်လာစေရန် နိုင်ငံတော်က ချေးငွေကျပ် ဘီလီယံ ၁၇၀ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီ ဖူလုံရေးအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး အပါအဝင် လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှု တိုးမြှင့်ရေးကို အလေးထားပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးသာမက စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေသည့် ဒေသများနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေး လုပ်ငန်းများကို ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ၊ တောင်သူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၄၂) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားကို “ထွက်ကုန်မြှင့်တင် တိုးထုတ်လျှင်၊ ကောင်းမွန်ပြည့်ဝ အာဟာရ၊ ဝန်းကျင်လှပတို့ဘဝ၊ လူတိုင်းစေ့ငှရရှိကြ” ဟူသော ဆောင်ပုဒ်နှင့်အညီ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပေါ်လွင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက ပူးပေါင်းကြိုးပမ်း ပေးကြပါရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ် ရိက္ခာနေ့အခမ်းအနားကျင်းပရေး ဗဟို အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြကြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်