နေပြည်တော်၊ စက်တင်ဘာ ၅
၂၀၂၂ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မန္တလာတက္ကသိုလ်နှင့် ရန်ကုန်အမျိုးသားစီမံ ခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့၌ ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှစတင်၍ စက်တင်ဘာ (၂၇) ရက်ကို ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ် သတ်မှတ်ကာ ခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိမြှင့်တင်နိုင်ရေး၊ လူမှုအသိုက်အဝန်းတွင် ခရီးသွားလုပ်ငန်း၏ အကျိုးသက်ရောက်မှုကို သိရှိနိုင်ရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံများတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် လူငယ်များအကြား ခရီးသွား လုပ်ငန်းဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (World Tourism Organization-UNWTO)မှ သတ်မှတ်ထားသော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ကျင်းပရာ၌ ဝန်ကြီးဌာနက အဆိုပါနေ့ အထိမ်းအမှတ်တစ်ခုအနေဖြင့် ယနေ့ကျပန်းစကားပြော ပြိုင်ပွဲအား ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယင်းအပြင် ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများ၊ ဒေသခံအဖွဲ့အစည်းများနှင့် ပြည်သူလူထုများအထိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုစေသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး လုပ်ငန်းပေါင်းစုံအနေနှင့် ဆင့်ပွားအကျိုးသက်ရောက်မှု ရှိသည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေပြီး ဗဟုသုတများ တိုးပွားလာစေရန်လည်း ရည်ရွယ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Video Conferencing စနစ်ဖြင့် ကျင်းပဆောင်ရွက်ခြင်းမှအပ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ (၂၇) ရက်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားများကို မြန်မာနိုင်ငံတွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင်လည်း “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့” “Rethinking Tourism” ဆောင်ပုဒ် သတ်မှတ်ထားရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ပြန်လည်နိုးထဆောင်ရွက်ကြရန် တစ်ကမ္ဘာလုံးကို နှိုးဆော် လိုက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ်အခမ်းအနားကို ဆက်စပ်ဝန်ကြီးဌာနများ၊ ခရီးသွား အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လှုပ်ရှားဆောင်ရွက်မှု အမျိုးအစားစုံလင်စွာဖြင့် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးက ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင် ဆောင်ရွက်နေကြပြီဖြစ်သောကြောင့် ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်နှင့်အညီ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်နိုင်ရန် အားလုံးဝိုင်းဝန်းကြံဆ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက်လာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်ပခရီးသွား ဈေးကွက်များ ပိုမိုရရှိရေးအတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ခရီးသွားလုပ်ငန်းအား အထူးအလေးထားပြီး အားလုံးအတွက် ခရီးသွားလုပ်ငန်းဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး၊ Digital နည်းပညာ၊ Community Based Tourism၊ Inclusive Tourism၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ခရီးသွားအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း၏ ဆင့်ပွားအကျိုးသက်ရောက်မှု၊ ခရီးသွားလုပ်ငန်း၏ အခြေခံနယ်ပယ်များမှတဆင့် ပြန်လည်နှိုးထဖို့ စသောခေါင်းစဉ် (၁၀) ခုဖြင့် ယှဉ်ပြိုင်ကြသည်။
သတင်းစဉ်