ဟနွိုင်း    မတ်    ၃၀

ယခုနှစ်ဇန်နဝါရီလမှ   မတ်လအတွင်း   ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသည် ၉၁၀၀၀ ခန့်ဝင်ရောက်မှုရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့်    ၈၉ ဒသမ ၁ ရာခိုင်နှုန်း  မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်စာရင်းအင်းရုံးမှ  ပြောကြားသည်။ 

ယင်းကဲ့သို့   ခရီးသည်ဝင်ရောက်မှုများပြားလာခြင်းမှာ နိုင်ငံအတွင်း ပြည်ပမှ  လေကြောင်းလိုင်းများအား  ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ခြင်းနှင့်      ခရီးသွားလုပ်ငန်းများ   ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ 

၎င်းကာလအတွင်း နိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် လာရောက်သူ ခရီးသည်ပမာဏသည် ၉၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၎င်းတို့အနက်   ၆၄ ဒသမ ၃ ရာခိုင်နှုန်းမှာ  အာရှနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

 နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် နယ်စပ်ဒေသများကို ပိတ်ထားခဲ့ရာမှ မတ် ၁၅ ရက်တွင် နိုင်ငံ တကာမှ ခရီးသည်များအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံ ၏    ခရီးသွားလုပ်ငန်းတိုးတက်စေရန်   တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။ 

ဗီယက်နမ်နိုင်ငံသည်   နိုင်ငံအတွင်း   ကိုဗစ်-၁၉ ရောဂါ စတင်မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်အတွင်းက နိုင်ငံအတွင်းသို့  နိုင်ငံ တကာခရီးသည် ၁၈ သန်းကျော် ဝင်ရောက်ခဲ့သည်။ သို့ရာတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာသည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် နိုင်ငံတကာခရီးသည်ဝင်ရောက်မှု မှာ    ၉၅ ဒသမ ၉ ရာခိုင်နှုန်းမှ  ၇၈ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းမှုများရှိခဲ့သည်။  

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ