ဟနွိုင်း မတ် ၃၀
ယခုနှစ်ဇန်နဝါရီလမှ မတ်လအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသည် ၉၁၀၀၀ ခန့်ဝင်ရောက်မှုရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၈၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်စာရင်းအင်းရုံးမှ ပြောကြားသည်။
ယင်းကဲ့သို့ ခရီးသည်ဝင်ရောက်မှုများပြားလာခြင်းမှာ နိုင်ငံအတွင်း ပြည်ပမှ လေကြောင်းလိုင်းများအား ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ခြင်းနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
၎င်းကာလအတွင်း နိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် လာရောက်သူ ခရီးသည်ပမာဏသည် ၉၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၎င်းတို့အနက် ၆၄ ဒသမ ၃ ရာခိုင်နှုန်းမှာ အာရှနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် နယ်စပ်ဒေသများကို ပိတ်ထားခဲ့ရာမှ မတ် ၁၅ ရက်တွင် နိုင်ငံ တကာမှ ခရီးသည်များအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံ ၏ ခရီးသွားလုပ်ငန်းတိုးတက်စေရန် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်အတွင်းက နိုင်ငံအတွင်းသို့ နိုင်ငံ တကာခရီးသည် ၁၈ သန်းကျော် ဝင်ရောက်ခဲ့သည်။ သို့ရာတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာသည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် နိုင်ငံတကာခရီးသည်ဝင်ရောက်မှု မှာ ၉၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၇၈ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းမှုများရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ