နေပြည်တော် ဇွန် ၁၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင် သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ချီးမြှင့်ခြင်းသည် အနာဂတ် နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ကျောင်းသား၊ ကျောင်းသူမျိုး ဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန် ခွန်အားတစ်ခုအနေဖြင့် တိုက်တွန်းနှိုးဆော် ခြင်းဖြစ်ကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏ အနာဂတ်သည်လည်း ထွန်းလင်းတောက်ပလာမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် တိုးတက်ပြောင်းလဲနေသည့် အတတ်ပညာ၊ နည်းပညာသစ်များနှင့် ရင်ဘောင်တန်းနိုင်ရန် အစဉ်ကြိုးစားအားထုတ်ကြရန်နှင့် အသိပညာ၊ အတတ်ပညာကြွယ်ဝပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်သော၊ နိုင်ငံတော်ကို အကျိုးပြုသည့် လူချွန်လူကောင်းများဖြစ်ပြီး တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြစ်သော စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူနိုင်သည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ထူးချွန်ထက်မြက်ပြီး ဘက်စုံတော်သော ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရေးအတွက် မိဘ၊ ဆရာသမားနှင့် ကျောင်းသား၊ ကျောင်းသူများ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ သားသမီး၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများ၏ သားသမီး အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေး ကိရိယာများကိုလည်းကောင်း ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


