နေပြည်တော် နိုဝင်ဘာ ၂၅
၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သော အမျိုးသမီး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ဆောင်ပုဒ်မှာ “အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ်ပြီး ဆောင်ပုဒ်၏ အဓိကအလေးပေးလိုသည့် အချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍများတွင် လူအင်အား၊ ငွေအင်အား၊ အသိပညာ အင်အားများဖြင့် ပါဝင်ရင်းနှီး မြှုပ်နှံကြရန်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းစီဒေါ (CEDAW) ကို လက်မှတ်ရေးထိုးထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှု ကြုံတွေ့ရပါက သတင်းပို့တိုင်ကြားနိုင်ရန် (၂၄) နာရီ Helpline ဖုန်း “1566” (4 Digits)ကို ဖွင့်ထားပြီး တိုင်ကြားမှုများလက်ခံ၍ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ အမျိုးသမီးများ၏ လုံခြုံမှုအတွက် ယာယီနားခိုရာနေရာများကို ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့တို့တွင် စီစဉ်ထားရှိပြီး အခြားသော ဝန်ဆောင်မှုများရရှိနိုင်ရေး ချိတ်ဆက်ပေးခြင်း ညွှန်းပို့ပေးခြင်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊
ထို့အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကလည်း မိမိတို့၏ စီမံကိန်းများတွင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ပပျောက်အောင် ဝိုင်းဝန်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိကြောင်း၊ ကဏ္ဍအသီးသီးတွင် အားလုံးပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကိုပြသပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်