၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း မိုးလေ၀သအခြေအနေ အကျဉ်းချုပ်နှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျှ)မိုးလေဝသအချက်အလက်ခန့်မှန်းချက်များ
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများပေါ် မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖော်ပြအပ်ပါသည်။
ဘင်္ဂလားပင်လယ်အော် အခြေအနေ-နိုဝင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် (၁.၁၂.၂၀၂၃) ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ (၂.၁၂.၂၀၂၃)ရက်နေ့တွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ် သို့လည်းကောင်း၊ (၃.၁၂.၂၀၂၃)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းမိကျောင်း (MICHAUNG) အဖြစ်သို့လည်းကောင်း၊ (၄.၁၂.၂၀၂၃) ရက်နေ့တွင် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိကျောင်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းသည် (၅.၁၂.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းလွန်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တမီးလ်နာဒူး မြောက်ပိုင်းကမ်းခြေသို့ ရောက်ရှိခဲ့ပြီး၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းအနီးကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့အကြား၊ ဘပတ်လမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းမိကျောင်းအဖြစ်သို့ အားလျော့သွားခဲ့ကာ ကုန်တွင်း မုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်းအားလျော့သွားခဲ့ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ--၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့်- မန္တလေးတိုင်းဒေသကြီး(မိုးကုတ်မြို့)၊ တနင်္သာရီတိုင်းဒေသကြီး(မြိတ်မြို့)၊ ကချင်ပြည်နယ်(ပူတာအိုမြို့)၊ ရှမ်းပြည်နယ်တောင်ပိုင်း(နမ့်စန်မြို့)နှင့် ချင်းပြည်နယ်တို့တွင် (၃)ရက်မှ (၄)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း (သာယာဝတီမြို့)၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး(မင်္ဂလာဒုံမြို့)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ် (မောင်တောနှင့်ကျောက်တော်မြို့)တို့တွင် (၁)ရက်မှ (၂)ရက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်ထစ်ချုန်းရွာသွန်းခဲ့ပြီး၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မိုးရွာသွန်းခဲ့ခြင်းမရှိပါ။
အမြင့်ဆုံးအပူချိန်အခြေအနေ--၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့အောက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီ ဖာရင်ဟိုက်အထိ လျော့နည်းခဲ့ကာ၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် (၅)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီ ဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီ ဖာရင်ဟိုက် ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ---၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ−ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ထက် (၁၄)ဒီဂရီဖာရင်ဟိုက်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် (၁၁)ဒီဂရီဖာရင်ဟိုက်မှ (၁၂)ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (၉)ဒီဂရီဖာရင်ဟိုက်မှ (၁၀)ဒီဂရီဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ဒီဂရီဖာရင်ဟိုက်မှ (၈)ဒီဂရီ ဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်(၅)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ၊ ရခိုင်ပြည်နယ်တွင် (၄)ဒီဂရီဖာရင်ဟိုက်နှင့် ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်(၂)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ--၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ- မွန်ပြည်နယ်တွင် (၆၄%)၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၆၉%)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် (၇၂%) မှ (၈၁%) အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၈၂%) မှ (၉၁%)အတွင်း အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ--၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၆ မီလီမီတာ)မှ (၂၃မီ လီမီတာ)အတွင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၂၄ မီလီ မီတာ)မှ (၃၁ မီလီမီတာ)အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် (၃၂ မီလီမီတာ)မှ (၃၉ မီလီမီတာ)အတွင်း အသီးသီးရှိခဲ့ပါသည်။
(ဖြစ်နိုင်စွမ်းပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)
မြေဆီလွှာအောင်းရေအခြေအနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (ပြည့်ဝ)အခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် (စိုစွတ်)အခြေအနေနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ အသီးသီးရှိခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ--ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။
မိုးအခြေအနေ--မိုးရွာသွန်းမှုအခြေအနေမှာ- ရှမ်းပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မိုးရွာရက်--မိုးရွာရက်အနေဖြင့်- နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂)ရက်မှ (၃)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။
ညအပူချိန်-- နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့် အထက်(သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက်နှင့်အထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။
မြူအခြေအနေ--စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၇)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် (၁)ရက်မှ (၃)ရက်ခန့် နံနက်ပိုင်းတွင် မြုထူများဆိုင်းနိုင်ပါသည်။
Crd>မိုး/ဇလ