နေပြည်တော် အောက်တိုဘာ ၂၃

 

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲစတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

 

နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

 

ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲ (၁၆၀) ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲ (၇၃)တွဲ ရောင်းချ ရကြောင်းကြေညာသည်။

 

ပြပွဲ ပဉ္စမနေ့တွင်  ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း (၇၅၀)ကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းကြသည်။

 

ကျောက်စိမ်းအတွဲပေါင်းအတွက် (၇၅၀) ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများ က မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည် ဖြစ်ကြောင်းသိရသည်။

 

ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာ ကုန်သည်များကို ပုလဲ အတွဲပေါင်း (၃၀၀) အားအိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောက်တိုဘာ  ၂၁ ရက်မှ ၂၂ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲ အတွဲ ပေါင်း (၃၀၀) ရောင်းချပေးနိုင်ခဲ့သည်။  

ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

 

ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်ထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်း ဖြစ်သည်။

(သတင်းစဉ်)