နေပြည်တော်၊ မတ် ၅
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန် စိမ်းများ လောင်းလှူကြသည်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြင်းခြံမြို့ ကိုးဆောင်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိကပါလနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရတို့ အမှူးပြုသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင် များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။
အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း က အခမ်းအနားဖွင့် စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။
ငါးပါးသီလခံယူဆောက်တည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မြင်းခြံဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
သာသနာရေးဆိုင်ရာများ လျှောက်ထား
ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တသိရိန္ဒ မဟာထေရ်က သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ ဖြစ်ကြသည့် သီရိလင်္ကာနိုင်ငံမှဆရာတော် Most Venerable Prof. Kumburugamuwe ၊ ထိုင်းနိုင်ငံမှ ဆရာတော် Somdet Phramahathirachan နှင့် မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တသောဘန (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေမင်းဝံ သာသနာ့ရိပ်သာ ဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသောဘနတို့ထံ ဘွဲ့တံဆိပ် တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ် ပူဇော်သည်။
ဆက်ကပ်ပူဇော်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ ဖြစ်ကြသည့် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ နဂါးကျောင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသနှင့် မိုးကုတ်ဆရာတော်ကြီး ဘဒ္ဒန္တဝိမလ(ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏသိင်္ဂီ မိုးကုတ် ဝိပဿနာဓမ္မရိပ်သာ ဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တကစ္စာယနတို့ထံ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသိရိန္ဒထံလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရွှေတောင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယထံ လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။
ဘွဲ့တံဆိပ်တော်ဆက်ကပ်
ဆက်လက်၍ ကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် တာဝန်ရှိသူများက တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များကို ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အောင်မြေသာစံမြို့နယ် ဓမ္မဝိဟာရီ သီလရှင်စာသင်တိုက် သီလရှင် ဆရာကြီး ဒေါ်ခေမာစာရီနှင့် မိုးကောင်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု စန္ဒာရာမသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ယုစန္ဒာတို့ထံလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မကွေးမြို့ ခေမာသိရီ သီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်နန္ဒ မာလာထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်ကြသည်။
ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရရှိသူများဖြစ်ကြသည့် ဦးအောင်တိုး၊ ဒေါက်တာခင်မောင်ထွန်း၊ ဦဇော်ဝင်းနှင့် ဦးမောင်မောင်တို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ချီးမြှင့်အပ်နှင်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သီရိ သုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသူများဖြစ်ကြသည့် ဦးရဲထွန်း(ခ) ဦးရဲတင်ထွဋ်၊ ဦးလှအေး(ခ) ဦးအားတီ နှင့် ဦးဘေရင်နယ် (ခ) ဦးခင်မောင်လွင်တို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်သန်းသန်းနွဲ့၊ ဒေါ်မြသိန်း၊ ဒေါ်သင်းသင်းနှင့် သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိသည့် ဒေါ်နန်းမြင့်မြင့်ဝင်းတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီးက သီရိသုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်ခင်မာချိုနှင့် ဒေါ်အေးမြလွင်တို့ကိုလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ကို ချီးမြှင့်အပ်နှင်းသည်။
ရေစက်သွန်းလောင်းအမျှပေးဝေ
ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော် ၄၀၃ ပါး၊ သီလရှင်ဆရာကြီး ၃၈ ပါးနှင့် လူပုဂ္ဂိုလ် ၄၂ ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ယနေ့ ကျင်းပသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၅ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၂ ပါး၊ တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီး ၁ ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအပါး ၃၀၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၂ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၅ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၃ ပါးနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၃ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၄ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ကျန်ရှိသည့် ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အသီးသီး ဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ဆရာတော်ကြီးထံ ဩဝါဒခံယူ
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများနှင့် အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်တော်အတွင်းရှိ ဧည့်ခန်းမ၌ ထိုင်းနိုင်ငံမှ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် Somdet Phramahathirachan အား ဖူးမြော်ကြည်ညို၍ သာသနာတော်ဆိုင်ရာများကို လျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
ဓမ္မလက်ဆောင်အဖြစ်ပေးအပ်
ယင်းနောက် ဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဗုဒ္ဓဆင်းတုတော်များကို ဓမ္မလက်ဆောင်အဖြစ်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်ကပ်လောင်းလှူ
ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေး မှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အလှူရှင်များက ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း စေတီတော်ပတ်လမ်းရှိ သက်ဆိုင်ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်