ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ပတ်သက်၍ ဒုတိယအကြိမ် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြမည့် Borderless Broadcast Co;Ltd နှင့် Hey Play Co; Ltd တို့နှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားတို့သို့ တက်ရောက်
ရန်ကုန်၊ နိုဝင်ဘာ ၅
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ ဒုတိယအကြိမ် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက် အမှာ စကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများ၊ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ အလုပ်အမှုဆောင်များ၊ ရုပ်သံလွှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည်မှာ သောင်းကျန်းသူအဖွဲ့သုံးဖွဲ့ ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များပင်ဖြစ်ကြောင်း၊ ရုပ်ရှင်လောကသားများ အနေဖြင့် အဆိုပါ လုပ်ရပ်များအပေါ် လက်မခံကြောင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူများထံ စာများရေးသားပေးပို့ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်း၊ ကူညီထောက်ပံ့မှု များပေးခြင်းနှင့် အဆင်ပြေသည့်အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူများ၊ မိသားစုဝင်များအား အနုပညာရှင်များက သွားရောက်ဖျော်ဖြေခြင်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ၂၀၂၃ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသည် ရုပ်ရှင်အနုပညာသမားများ၏ အိပ်မက်ပင် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အင်တိုက်အားတိုက် ဆောင်ရွက်နေသလို ရုပ်ရှင်အနုပညာသမား များကလည်း လိုလိုလားလား တက်တက်ကြွကြွပါဝင် ဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း။
၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပနိုင်ခဲ့သည့်အတွက် ငြိမ်သက်နေသည့် ရုပ်ရှင်လုပ်ငန်းများ ပြန်လည်နိုးထသက်ဝင်လာပြီး ပုံမှန်နီးပါးဖြစ်ပေါ် လာခဲ့ပါကြောင်း၊ ယခုကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို ပိုမိုကောင်းမွန် ပြည့်စုံပြီး အဆင့်အတန်းမီစွာ ကျင်းပနိုင်ရေးအတွက် စီမံ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကျင်းပနိုင်ရန်အတွက် ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ရေးကိစ္စကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ယူဆောင်ရွက်ပေးရန်နှင့် ကျန်ရှိသည့်လုပ်ငန်းများကို ကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်အစိုးရ အနေဖြင့် ရုပ်ရှင်လောက အပါအဝင် အနုပညာလောက တစ်ခုလုံးအတွက် စိတ်စေတနာကောင်းများဖြင့် ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခင်ကျင်းပခဲ့သည့် အခမ်းအနားများ၏ အားသာချက်၊ အားနည်းချက်များကို အခြေခံကာ လိုအပ်ချက်များ၊ အားနည်းချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားသည် ရုပ်ရှင်လောကသားများ၏ ဂုဏ် သိက္ခာ၊ အဆင့်အတန်း၊ ဂုဏ်ဒြပ်များကို ထင်ဟပ်ဖော်ပြနိုင်သည့် အခမ်းအနားဖြစ်သဖြင့် အလေးအနက်ထား ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရန် ရုပ်ရှင်လောကနှင့် ဆက်စပ် နေသည့် ပုဂ္ဂိုလ်များ၊ လုပ်ငန်းများ က ပါဝင်ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကကြီးများနှင့် တက်ရောက် လာကြသူများက ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
လက်မှတ်ရေးထိုးပွဲတက်ရောက်
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ Melia Hotel ၌ ကျင်းပ သည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ကြမည့် Borderless Broadcast Co;Ltd နှင့် Hey Play Co; Ltd တို့နှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်၊ ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ Borderless Broadcast Co;Ltd ၊ Hey Play Co; Ltd ၊ Myanmar Broadcast Association (MBA)၊ ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိတက်၊ Forever Group Co;Ltd၊ Family Entertainment Group (5 Plus)၊ Fortune Broadcasting Co;Ltd (Fortune TV)၊ Channel K ၊ YTU၊ M Channel၊ ABC Content Solutions ၊ New Image Trading Co; Ltd၊ FM ပုဂံ၊ ပတ္တမြား FMနှင့် Cherry FM တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးရှေ့မှောက်တွင် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်နှင့် Borderless Broadcast Co;Ltd မှ ဥက္ကဋ္ဌတို့က DTH လုပ်ငန်း ပူးပေါင်းဆောင်ရွက် ရေးသဘောတူစာချုပ် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးပြီး အပြန်အလှန်ပေးအပ်ကြသည်။

လက်မှတ်ရေးထိုး
ဆက်လက်၍ ညွှန်ကြားရေးမှူး ချုပ်ဦးရဲနိုင်နှင့် Hey Play Co; Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးထက် ခိုင်ဝင်းတို့က MRTV Farmers’ Channel နှင့် Sports Channel များအား အဆင့်မြှင့်တင်ထုတ်လွှင့်မှု(Channel Rebranding) လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးပြီး အပြန် အလှန် ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အခမ်းအနား သို့တက်ရောက် လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ MRTV ရုပ်သံလိုင်းကို ၁၉၈၀ ပြည့်နှစ်မှစ၍ Analogue စနစ်ဖြင့် စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် ရုပ်သံလိုင်း ၁၈ လိုင်းကို DVB-T2(Digital) စနစ်ဖြင့် လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် DTH စနစ်ဖြင့် လည်းကောင်း တိုးချဲ့ထုတ်လွှင့်ခဲ့သည်။
မြန်မာနိုင်ငံတွင် DTH လုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသည့် Broad-caster သုံးဦးရှိပြီး Forever Group Co;Ltd (Canal+)၊ ရွှေသံလွင် မီဒီယာကုမ္ပဏီလီမိတက် (Sky Net) နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV DTH)တို့ဖြစ် သည်။ ယခု Borderless Broad-cast Co;Ltd(Myansat)က လေးခု မြောက် DTH လုပ်ငန်းဆောင်ရွက် ခွင့်ရရှိပြီး ရုပ်သံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှင့် Hey Play Co;Ltd တို့ကြား MRTV Farmers’ Channel နှင့် MRTV Sports Channel တို့မှ အသိပညာနှင့် ဖျော်ဖြေရေးအစီ အစဉ်များကို ၁-၈-၂၀၂၃ ရက်မှ စ၍ စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ယခုအခါ အဆင့်မြှင့်တင်ထုတ် လွှင့်မှု (Channel Rebranding) လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်