ရန်ကုန် ဇွန် ၁၅

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူလိုသော တောင်သူများအား JICA Two Step Loan ချေးငွေဖြင့် ငွေကျပ် ၃ဝ ဘီလီယံကျော် ထုတ်ချေးပေးနိုင်ရန် လျာထားဆောင်ရွက်နေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဖွံ့ဖြိုးရေးဌာနမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းကာ စိုက်ပျိုး ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် JICA Two Step Loan ချေးငွေများကို လယ်ယာသုံးစက် ကိရိယာဝယ်ယူလိုသော တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင် အများဆုံး ငွေကျပ် သိန်း ၇ဝဝ အထိ၊ တောင်သူ လယ်သမားအစုအဖွဲ့တစ်ဖွဲ့လျှင် အများဆုံးငွေကျပ် သိန်း ၅,ဝဝဝ အထိ ထုတ်ချေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။

အဆိုပါ JICA Two Step Loan ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူလိုသော တောင်သူများအနေဖြင့် လယ်ယာမြေပုံစံ ၇ ကို အမည်ပေါက်ပိုင်ဆိုင်ရရှိမည်ဖြစ်ပြီး မရွှေ့ပြောင်းနိုင်သာ အိုးအိမ်၊ ပစ္စည်းတို့ကိုလည်း အာမခံအနေဖြင့် တင်ပြနိုင်ရမည့်အပြင် စီးပွားရေးခိုင်မာသေချာသော လုပ်ငန်းရှင်နှစ်ဦးကလည်း အာမခံပေးရမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီသော တောင်သူများအနေဖြင့် JICA Two Step Loan ချေးငွေများ လျှောက်ထားရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာခရိုင်ဘဏ်ခွဲ၊ မြို့နယ်ဘဏ်ခွဲများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်ဟုလည်း သိရသည်။
ASH