ရန်ကုန်၊ ဇန်နဝါရီ ၄
၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ဗဟန်းမြို့နယ်မြေပဒေသာကျွန်း၌ ကျင်းပလျက်ရှိသည်။
အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းပြပွဲနှင့် ဝန်ထမ်းမိသားစု ပျော်ပွဲရွှင်ပွဲများသို့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မအူကုန်းစည်ပင် ဝန်ထမ်းအိမ်ရာဝင်း အတွင်းရှိ မအူကုန်းအားကစားကွင်း၌ ကျင်းပလျက်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းမိသားစု ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ သွားရောက်၍ ဝန်ထမ်းမိသားစုများနှင့်အတူ ထုပ်စီးတိုးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ သုံးချောင်းထောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ သံပုရာသီး ဇွန်းကိုက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ဘောလုံးပုတ်ပြိုင်ပွဲ၊ နို့ဆီခွက်ပစ်ပြိုင်ပွဲများတွင် ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေသည်ကိုကြည့်ရှုအားပေးသည်။
ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့တော်ဝန်နှင့်ဇနီး၊ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များက ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး (အမျိုးသား-ဌာန) ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး (အမျိုးသား-အိမ်ရာဝင်း) ပြိုင်ပွဲ၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ၊ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ၊ ထုပ်စီးတိုး အကြီးတန်း (အမျိုးသမီး) ပြိုင်ပွဲနှင့် ထုတ်စီးထိုးအငယ်တန်း (အမျိုးသမီး) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသော အသင်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရအားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အားကစားပြိုင်ပွဲများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အသုံးပြုနေသည့် လူနာတင်ယာဉ်ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဉယျာဉ်အတွင်း (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ရုံးပိတ်ရက်တွင် အများပြည်သူများ လာရောက်လည်ပတ် အပန်းဖြေနေမှုနှင့် မြေပဒေသာကျွန်း၌ ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် ဖွင့်လှစ်ပြသလျက်ရှိသော ပြခန်းများနှင့် အရောင်းပြခန်းများသို့ ပြည်သူများ လာရောက်လေ့လာ ဝယ်ယူအားပေးနေမှုကို ကြည့်ရှုအားပေးသည်။
ယနေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ကန်တော်ကြီးသဘာဝ ဉယျာဉ်အတွင်း အပန်းဖြေအနားယူသူများ ပန်းပြပွဲပြခန်းများတွင် စိတ်ပါဝင်စားစွာ လေ့လာသူများ၊ အရောင်အသွေး စုံလင်သည့်ပန်းမျိုးစုံဖြင့် အလှဓာတ်ပုံရိုက်ယူသူများ အပြင်ပန်းအလှစိုက်ပျိုးရန် ဝယ်ယူအားပေးသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန်၊ ဗဟုသုတရှာမှီး လေ့လာနိုင်ရန်နှင့် တစ်နိုင်တစ်ပိုင် ပန်းအလှစိုက်ပျိုးနိုင်စေရန်အတွက် ပြခန်းစုစုပေါင်း (၃၃) ခန်းအပြင် ပန်းအရောင်းဆိုင်ခန်းများနှင့် စားသောက်ဆိုင်ခန်းများပါ ဖွင့်လှစ်ထားပေးပြီး ပြပွဲပြိုင်ပွဲအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ (၇) ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီ အထိ မည်သူမဆို လာရောက်လေ့လာ ဝယ်ယူအားပေး၍ အပန်းဖြေအနားယူနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
သတင်းစဉ်