၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲအထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်

နေပြည်တော် မတ် ၂၈

၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲအထူး ကြီးကြပ်ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ပရိတ်သတ်များက ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူကြသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေမြတ်ရ်ထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းစားစရိတ်အလှူငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်သည်။ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်ထံမှ ပရိတ်သတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို  နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် မတ် ၂၈ ရက်မှ ဧပြီ ၅ ရက် အထိကျင်းပမည်ဖြစ်ရာ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက် ဖြေဆိုကြမည် ဖြစ်သည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေဆိုင်ရာအသိပညာပေးခြင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ချေးငွေအဆိုပြုလွှာများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆီစက်လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ဆီစက်လုပ်ငန်းရှင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်