ရန်ကုန် ၊ ဇွန် ၂၂
အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်တို့ ကြီးမှုးကျင်းပသော အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
နံနက်ပိုင်းတွင် အမျိုးသားကာယဗလမောင်ပြိုင်ပွဲ၊ အလွတ်တန်းကာယဗလမောင်ပြိုင်ပွဲ၊ Men's Athletic Physique၊ Men's Sports Physique၊ Men's Fitness Physique၊ Women's Model Physique၊ Women's Athletic Physique၊ Women's Fitness Physique ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ပဏမာရွေးချယ်ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ရွေးချယ်ခံရသော ကာယဗလမောင်များနှင့် ကာယအလှမယ်များက သတ်မှတ်ကိုယ်ဟန်များ ပြသယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးညီညီနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှု ဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
၎င်းနောက် ပြိုင်ပွဲအမျိုးအစားအလိုက် ပဉ္စမ၊ စတုတ္တ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသော ကာယဗလမောင်များနှင့် ကာယအလှမယ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီတို့က ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသော VX supplement & Fitway Gym မှ တာဝန်ရှိသူတစ်ဦးအား ဥက္ကဋ္ဌ ဦးညီညီက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)


