ရန်ကုန်၊ ဒီဇင်ဘာ ၃၁

 

ခရစ်နှစ် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ် နှစ်သစ်ကြိုဆိုခြင်းကို ယနေ့ညပိုင်းကရန်ကုန်မြို့တွင် အများပြည်သူ အေးချမ်းပျော်ရွှင် စည်ကားများပြားစွာ ကြိုဆိုခဲ့ကြသည်။

 

နှစ်ဟောင်းကုန်၍  မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်  နှစ်သစ် အခါသမယသို့ဝင်ရောက်မည့် နှစ်ကူးညချမ်းတွင် ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်၊ ကျောက်တော်ကြီးဘုရား၊ ကမ္ဘာအေးစေတီ၊ ပြည်သူ့ရင်ပြင် ဥယျာဉ်၊ မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမ၊ ကန်တော်ကြီးဥယျာဉ်၊ အင်းလျားကန်စောင်း၊ အများပြည်သူ အပန်းဖြေရာနေရာများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်/မိုတယ်များနှင့်  ရန်ကုန်မြို့ပြ၏ လူစည်ကားရာ နေရာတို့၌ နှစ်ကူးအကြို ရောင်စုံမီးဆိုင်းများဖြင့် လှပလျက်ရှိရာ အများပြည်သူ စိတ်ရွှင်လန်းလျက် အားပါးတရပျော်ရွှင်စွာ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။

 

ညနေပိုင်းမှစ၍ အများပြည်သူစည်ကားလျက်ရှိသည့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ရွှေတိဂုံစေတီတော်မြတ်တွင် လာရောက်ကုသိုလ်ယူကြသည့်ပြည်သူများ၊ ရင်ပြင်တွင် လာရောက်အပန်းဖြေသူများ၊ နှစ်သစ်ကို ကြိုဆိုကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ရန်ကုန်မြို့နေ ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းပျော်ရွှင်စေရန်၊ စိတ်ခွန်အားသစ်များ တိုးပွားစေရန်၊ အပန်းပြေစေရန်နှင့် မင်္ဂလာရှိသောနှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံဆောင်ရွက်မှုဖြင့်  နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့်  ဂီတဖျော်ဖြေပွဲ ( New Year Countdown Music Show) ဖြင့် ညနေ ၆ နာရီ တွင် စင်တင်တေးဂီတ၏ တီးခတ်မှုနှင့်အတူ ပြည်သူချစ်သောအဆိုတော်များက ဖျော်ဖြေခဲ့ရာ ပရိသတ်များ တစ်ခဲနက် ကြည့်ရှုအားပေးခဲ့ကြသည်။

 

ညသန်းခေါင် နှစ်သစ်ကူးပြောင်းချိန်ဖြစ်သည့် ၂၀၂၃ ခုနှစ် ည ၁၂ နာရီတွင် နှစ်သစ်ကူးပြောင်းချိန်ကို  Music Show က ကြေညာ၍ Countdown ပြုလုပ်ပေးကာ မီးရှူးမီးပန်းများ ပစ်ဖောက်ပြီး ၂၀၂၄ ခုနှစ် ကို ကြိုဆိုကြသည့်ပြည်သူများ တစ်ခဲနက် Happy New Year ကြိုဆိုနှုတ်ဆက်သောအသံသည်  ဒီဇင်ဘာဆောင်းကို  ပွေ့ဖက်ထားသည့် ပြည်သူ့ရင်ပြင်ဥယျာဉ်အတွင်း  ဖုံးလွှမ်းသွားသည်။  ပြည်သူ့ရင်ပြင် ဥယျာဉ်အတွင်း နှစ်သစ်ကိုကြိုဆိုရန် လာရောက်ကြသည့် ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်အချို့က ထောပတ်ကြက်သားဟင်းနှင့် ကြက်ဆီထမင်းတို့ကို မပြတ်ကျွေးမွေးခဲ့ပြီး အပန်းဖြေ အနားယူနိုင်ရန် ဆိုင်ခန်းများဖွင့်လှစ်ထားရာ ရန်ကုန်မြို့နေပြည်သူများ  စည်ကားများပြားစွာဖြင့် နှစ်သစ်ကိုပျော်ရွှင် အေးချမ်းစွာ ကြိုဆိုခဲ့ကြသည်။    

 

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ကနူး