နေပြည်တော် ဇွန် ၁၂

၂၀၂၄ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့ပတ်လမ်းဘေးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း မြေနေရာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က သစ်တောများနှင့် သစ်ပင်များကို အမြတ်တနိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့် ရှောက်ခြင်းနှင့် ထပ်မံစိုက်ပျိုးခြင်းများသည် တိုင်းပြည်တစ်ပြည်အတွက် ကောင်းကျိုးများစွာကို ဖန်တီးပေးခြင်းဖြစ်သည့်အတွက် မိုးရာသီသစ်ပင်စိုက်ပွဲတော်များကို နှစ်စဉ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ပုဒ်မှာ “ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး ” ဟူ၍ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးစိမ်းလန်း စိုပြည်စေရန် လူသားအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်ပင်များစိုက်ပျိုး ရာတွင် အချိန်၊ ငွေ၊ လုပ်အား၊  အရင်းအနှီးများစွာ စိုက်ထုတ်ဆောင်ရွက်ရသည့်အတွက် တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်စေရန်အတွက် စတင်စိုက်ပျိုးသည်မှစ၍ စဉ်ဆက်မပြတ် ပြုစုထိန်းသိမ်းသွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က  ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက် ပျိုးပွဲတော် အထိမ်းအမှတ်သစ်ပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၏ ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့်ဇနီး၊ တပ်ဖွဲ့၊ဦးစီး ဌာနများမှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ သတ်မှတ်နေရာများ၌ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း၊ ငု၊ သပြေ  စသည့် သစ်ပင်စုစုပေါင်း ပျိုးပင် ၁၀၀၀ ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများ၏ ရုံးချုပ်များ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုံး၊ ဌာနများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များကို  စုပေါင်းစိုက်ပျိုးလျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ယနေ့တွင် သစ်ပင်( ၃၂၆၃၉ )ပင် တို့ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်