နေပြည်တော် မတ် ၂၄
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများလောင်းလှူကြသည်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ သာသနာ နုဂ္ဂဟဘွဲ့ တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အခမ်းအနား ဖွင့်စာတမ်းကိုဖတ်ကြားလျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တ သုဇနပီယ မဟာထေရ်က သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့၊ ဗုဒ္ဓသာသနာ့သိပ္ပံကျောင်းနှင့် စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုမန ထံဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တ သုဇနပီယထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရ ဗဟန်းမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာ မဟာနာယက ဘဒ္ဒန္တ ဝါသဝ ထံလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့၊ ဇေယျာသီရိအသောကကျောင်း ဆရာတော် ဘဒ္ဒန္တ သိရိန္ဒထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်၍ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ ဇေယျသိင်္ဂီ သီလရှင် စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဂုဏဝတီနှင့် မုံရွာမြို့၊ ဧသုဝတီသီလရှင် စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဓမ္မေသီတို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂမဟာသီရိသုဓမ္မ မဏိ ဇောတဓရ ဘွဲ့ရရှိသူ ဒေါက်တာမောင်မောင်ဦး၊ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသူများ ဖြစ်ကြသည့် ဦးမန်းစိန်နှင့် ဦးဝမ်ရှင်းရွှေတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသူ ဦးအောင်ကိုဇော်အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်စန်းစန်းဝေနှင့် ဒေါ်နုနုငယ်၊ သီရိ သုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်တင်ညွန့်၊ ဒေါ်မြဝင်းနှင့် ဒေါ်နီနီကျော်တို့ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၏ ဇနီးက သီရိသုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်မော်မော်ညွန့်၊ ဒေါ်ဌေးဌေးယဉ်နှင့် ဒေါ်ခိုင်ပြည့်စုံကြိုင်တို့ကိုလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်း/ ပြည်ပ ဆရာတော်၊ သံဃာတော် ၄၂၁ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၇ ဦးတို့ကို သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ယနေ့ ကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၂၁ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၅ ပါး၊ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါးနှင့် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့သည်။ ကျန်ရှိသည့် ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အလှူရှင်များ က ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံယူတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ သက်ဆိုင်ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်