နေပြည်တော်၊ အောက်တိုဘာ

 

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းနိုင်ရေး စိစစ်ရေးအဖွဲ့၏ ဂုဏ်အင်္ဂါအရည်အချင်း စိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ၂၀၂၄ ခုနှစ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အဆိုပြုလျှောက်ထားလာမှုနှင့်ပတ်သက်၍ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ အဆိုပြု လျှောက်ထားလာသည့် အဆိုပြုစာရင်းများအနက် ပြည်တွင်းမှ ရဟန်းတော်များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့၏ စိစစ်ချက်များကို သတ်မှတ်သည့်နေ့ရက်တွင် “ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ် များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့”သို့ အချိန်မီတင်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် အထူးမေတ္တာရပ်ခံပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းချီးမြှင့် အပ်နှင်းခြင်းသည် နိုင်ငံတော်၏ကိုယ်စား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စိစစ်ရွေးချယ် ဆောင်ရွက်ရသည့်အတွက် သတ်မှတ်ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်များ မကျန်ရစ်စေရေး၊ ဂုဏ်အင်္ဂါအရည်အချင်းများ စိစစ်ရာတွင်လည်း အမှားအယွင်း အတိမ်းအစောင်းမရှိစေရေး အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်း နိုင်ရေးအတွက် ဦးစီးဌာနအလိုက် အဆိုပြုလွှာများ စိစစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြ ကြပြီး ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်း က သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ချီးမြှင့် အပ်နှင်းနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ  ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။  

(သတင်းစဉ်)