နေပြည်တော် ဒီဇင်ဘာ ၂၃

၂၀၂၄ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီး ကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ် မြေပညာရေးမှူး၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့်  တာဝန်ရှိသူများတက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အ ဆင့်ကျင်းပသည့်စာမေးပွဲဖြစ်၍အလွန် အရေးကြီးပါကြောင်း၊ ပုံမှန်ဆောင်ရွက်နေကြ စာမေးပွဲလုပ်ငန်းဖြစ်သော်လည်း KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံး စာမေးပွဲဖြစ်၍ ဆရာဆရာမများအနေဖြင့် စာမေးပွဲလုပ်ထုံး၊လုပ်နည်းများဖြင့် စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေး ပိုမိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နေရာသုံးခုခွဲ၍ ကျင်းပခဲ့ပါကြောင်း၊ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၁၄၅၂၀၀)ခန့် စာရင်းပေးသွင်းထားပါကြောင်း၊ စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် အားလုံးကကျရာအခန်းကဏ္ဍများက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ‌ဆောင်ရွက်ကြ စေလိုပါကြောင်း၊ စာမေးပွဲလုပ်ငန်းဆောင်ရွက်စဉ် လိုအပ်သည့်အခက်အခဲများရှိပါက မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများထံ အမြန်ဆုံးသတင်း ပေးပို့ကြရန်နှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ လုပ်ငန်းအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တာဝန်ရှိသူများနှင့် အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ဆရာဆရာမများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပြီး ဆွေးနွေးပွဲ/သင်တန်းသို့ တက်ရောက်လာကြသည့် ဆရာ၊ဆရာမများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် အခမ်းအနားကို အစီအစဉ်တိုင်းဆက်လက်ကျင်းပရာ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့် က ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး ဆွေးနွေးပွဲ/သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင် တို့က စာမေးပွဲဆိုင်ရာလုပ်ငန်းများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် က စာမေးပွဲဖြေဆိုခွင့်ဆိုင်ရာ လုပ်ငန်းများ အခန်း(၁) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က စာစစ်ဌာနလျာထားသတ်မှတ်ခြင်းနှင့် ကြီးကြပ်ရေးခန့်ထားခြင်း အခန်း(၂) (၃) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ‌ဒေါက်တာသိန်းဇံက စာမေးပွဲကာလ မေးခွန်းလွှာဆိုင်ရာ ညွှန်ကြားချက်များ အခန်း(၄) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုးအောင် က ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့များဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အခန်း(၅) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြံပေး ဦးအောင်ချိုသန်း က စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ၊ ပြစ်ဒဏ်များ အခန်း(၆) ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးလွင် က ကြီးကြပ်ခ၊ အသေးသုံးစရိတ်ဆိုင်ရာ လုပ်ငန်းများ အခန်း(၇) ကိုလည်းကောင်း ဆွေးနွေးကာ သင်တန်းပို့ချပေးခဲ့ကြပြီး ဆွေးနွေးပွဲ/သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၄ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်