နေပြည်တော်  ဒီဇင်ဘာ  ၃၀

၂၀၂၅ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ(မူကြမ်း)နှင့် ယစ်မျိုးဥပဒေ (မူကြမ်း)တို့နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဥပဒေ မူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ငွေကြေးခဝါချမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး  ဗိုလ်ချုပ် အောင်ကျော်ကျော်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်စေရေးနှင့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)၏ အကြံပြုချက်များနှင့်အညီ ဥပဒေကို ရေးဆွဲရခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေ (THE MYANMAR EXCISE ACT) ကို ၁၉၁၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်၍ ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် အသစ်ရေးဆွဲရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ၂၀၂၅ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန်၊ မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ်လက်ခံထားသော သက်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် AML-LTF ဆိုင်ရာ FATF ၏ အကြံပြုချက်များနှင့် ညီညွတ်မှုရှိစေရန်နှင့် နိုင်ငံတော်က တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုစေရန် ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်း သုံးသပ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ဆွေးနွေးကြသည်။

ထို့ပြင် တည်ဆဲမြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ ( THE MYANMAR EXCISE ACT) သည် ၁၉၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ယင်းဥပဒေတွင် ယစ်မျိုးအပြင် မူးယစ်ဆေးဝါး၊ ယစ်မျိုးခွန်ကောက်ခံခြင်းနှင့် သက်ဆိုင်သောကိစ္စရပ်များ ပါဝင်နေပြီး ယစ်မျိုးခွန် ကောက်ခံခြင်းနှင့်  စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေဇယား(၂)အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ဥပဒေများ ပြဋ္ဌာန်းထားခြင်းတို့ကြောင့် လက်ရှိကာလနှင့် ဆီလျော်မှုမရှိတော့၍ ယစ်မျိုးစီမံခန့်ခွဲခြင်း ကိစ္စရပ်များကို ခေတ်နှင့် လိုက်လျောညီထွေဖြစ်စေရန်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော ယစ်မျိုးအခွန်များရရှိစေရေး ကြီးကြပ်နိုင်စေရန်၊ အရက်ကို တရားမဝင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းများကို ပိုမိုကြီးကြပ်နိုင်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် အလို့ငှာ ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။      

 သတင်းစဉ်