လန်ဒန် မတ် ၄
၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေး အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၃ ထရီလီယံသို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ယမန်နှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း ဗြိတိန်တွေးခေါ်ပညာရှင်တစ်ဦးက ပြောကြားသည်။
နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုက ၎င်း၏ နှစ်ပတ်လည် “ကာကွယ်ရေးဟန်ချက် ညီမှု” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံများ၏ ကာကွယ်ရေးအင်အားနှင့် ဒေသတွင်းအခြေအနေများကို ခွဲခြမ်းစိတ်ဖြာဖော်ပြထားသည်။
ဥရောပကာကွယ်ရေးအသုံးစရိတ်သည် ယခင်နှစ်ကထက် ၁၂ ဒသမ ၆ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၅၆၃ ဘီလီယံအထိ တိုးလာကာ ကမ္ဘာ့ပျမ်းမျှထက် အဆပေါင်းများစွာ ပိုမိုမြင့်တက်လာကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ်စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၂၁ ဒသမ ၄ ရာခိုင်နှုန်း အထိရှိလာသည်။
ဥရောပ၏ ဒေသတွင်းလုံခြုံရေးအတွက် မြင့်တက်လာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလားတူ အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၉၂၁ ဘီလီယံဖြင့် အများဆုံးရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံက ၂၅၁ ဒသမ ၃ ဘီလီယံနှင့် ရုရှားနိုင်ငံက ၁၈၆ ဒသမ ၂ ဘီလီယံဖြင့် ရပ်တည်ခဲ့သည်။
ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၉ ဘီလီယံဖြင့် အဆင့်(၉) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


