တောင်ကြီး ဇွန် ၁၁
အားကစားနှင့် ကာယပညာ သိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ သိပ္ပံရှိ ဘက်စုံသုံးအားကစားခန်းမ ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် စရိတ်နှင့် အားကစားပစ္စည်းများပေးအပ်ရာ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ထို့နောက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


