နေပြည်တော် မတ် ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသသု တေသနဌာနများ နှင့် စိုက်ပျိုးပညာပေး ဝန်ထမ်းများအနေဖြင့် တောင်သူများ အသုံးပြု လျက်ရှိသည့် သီးနှံမျိုးများကို မျက်ခြည်မပြတ်လေ့လာ၍ လိုအပ်ချက်အလိုက် မျိုးမြှင့် ပေးခြင်းနှင့် မျိုးလဲလှယ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနပိုင် တမာပိုးသတ်ဆေး စက်ရုံအား ပုဂ္ဂလိကလုပ်ငန်းရှင် က ငှားရမ်းလုပ်ကိုင်ပြီး တမာပိုးသတ်ဆေး ထုတ်လုပ်နေမှု ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် မကွေးမြို့နယ် မိကျောင်းရဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျေးရွာတောင်သူများကို ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ ဒေသ၏စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ရွှေတောင်(၈) မျိုးသန့်ချည်မျှင်ရှည်ဝါ မျိုးစေ့များ ၊ ဆင်းရွှေ ကြာ-၂ နေကြာမျိုးစေ့များနှင့် စမုံနက် နှမ်းမျိုးစေ့များကို တောင်သူများကို ထောက်ပံ့ပေး အပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် နှင့်အတူ မကွေးမြို့၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှု လုပ်ငန်းများဖွံ့ဖြိုးလာရေး အတွက် အရေးအပါဆုံး စက်မှုကုန်ကြမ်း သီးနှံဖြစ်သည့် ဝါသီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက် ၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင် သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး ပြည်နယ်(၆)ခု ၏ ဝါသီးနှံစိုက်ပျိုးရေးဇုန်(၁၉)ခု၌ ဝါ(၆၁၂၇၁၂)ဧက စိုက်ပျိုး ထုတ်လုပ်ရန် စီမံဆောင်ရွက်ထားပြီး နှစ်စဉ်တိုးတက်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးဧရိယာ ဧက (၇၄၇၀၀၀) စိုက်ပျိုး ထုတ်လုပ်နိုင်ရေး နှင့် တစ်ဧက အထွက်နှုန်း ဝါပိဿာ(၇၀၀) ရရှိရေးအတွက် ဇုန်အလိုက် တာဝန်ခံများ တာဝန် ပေးအပ်ထားကြောင်း၊ မကွေးတိုင်းဒေသကြီး ၏ ဝါသီးနှံ စိုက်ပျိုးရေးဇုန်(၄)ခုတွင် ဧက (၂)သိန်း (၆)သောင်းကျော် လျာထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည် ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့် အခက်အခဲ၊ အဟန့်အတားများကို ဆက်စပ် ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ စုပေါင်းအားဖြင့် ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ယနေ့ တွေ့ဆုံပွဲတွင် ဝါသီးနှံထုတ်လုပ်မှုဆိုင်ရာအတွေ့အကြုံများကို နှီးနှောဖလှယ်ပြီး ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်း အဖြေရှာဖော်ထုတ်သွားကြစေလို ကြောင်း ပြောကြားပြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ အရည်အသွေးကောင်း ဝါမျိုးများအသုံးပြုနိုင်ရေး စီမံဆောင်ရွက် ထားရှိမှု နှင့် မျိုးစေ့ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးနှံ အရည် အသွေး၊ အထွက်နှုန်း ၊ ဈေးကွက်အခြေအနေနှင့် တောင်သူများ၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေး သတိပြုဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဝါစိုက်ပျိုးထုတ်လုပ်သူများအသင်းတာဝန်ရှိသူများနှင့် ဝါစိုက်တောင်သူ များက ဒေသ၏ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွေ့အကြုံများ ၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာလိုအပ်ချက်များကိုတင်ပြကြရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ သုတေသီများ၊ စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များက ဖြေကြားဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီး က ဖြည့်စွက်ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး ၌ ဝါသီးနှံ ကို ၂၀၂၂-၂၀၂၃ခုနှစ်တွင် (၁၇၂၇၉၃)ဧက ၊ ၂၀၂၃-၂၀၂၄ခုနှစ်တွင်(၂၁၇၄၁၆)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၄-၂၀၂၅ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးရေးဇုန် (၄)ခု သတ်မှတ်၍ ဧက (၂၆၆၈၀၀) စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ခုနှစ်တွင် ဧက(၃၅၀၀၀၀)အထိ စိုက်ပျိုးရန်ရည်မှန်းထားရှိကြောင်း၊ ဝါသီးနှံများ စိုက်ပျိုးထုတ် လုပ်ရာတွင် အရည်အသွေးပြည့်မီသော သွင်းအားစုများ အပြည့်အဝ အသုံးပြု ခြင်းဖြင့် အထွက်နှုန်း တိုးတက်ပြီး ဝါအရည်အသွေး ထုတ်လုပ်မှု တိုးတက်လာစေရန် ပြည်ထောင်စုဝန်ကြီးဌာန ၏ အားပေးကူညီမှု၊ တိုင်းဒေသကြီးအစိုးရ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့၌ ရောက်ရှိနေစဉ် တိုင်းဒေသကြီး၊ ခရိုင် နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများကို မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများကို မှာကြားသည်။
သတင်းစဉ်