နေပြည်တော် ၁၄ ဇူလိုင်
(၂၁)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး (21st ASEAN Sub-Committee Meeting on Information, 21st SCI Meeeting) အား ဇူလိုင် ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲတွင် စင်ကာပူနိုင်ငံမှ Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် မြန်မာ-အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်များက နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်ရှိ သက်ဆိုင်ရာရုံးများမှ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ၊ စင်ကာပူနိုင်ငံမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အာဆီယံပြန်ကြားရေး ဆပ်ကော်မတီအစည်းအဝေးအား အာဆီယံဒေသတွင်း သတင်းပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတိုးပွား ခိုင်မာလာစေရေး၊ အာဆီယံ စီမံကိန်းများအား အပြန်အလှန် အကောင်အထည်ဖော် ဆောင်ရွက်ကြစေရေးတို့အတွက် အဓိကရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
SCI အစည်းအဝေးများကို သက်ဆိုင်ရာ အာဆီယံနိုင်ငံအလိုက် ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌများ အပါအဝင် ပြန်ကြားရေးကဏ္ဍဆိုင်ရာမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လေ့ရှိပြီး Close Door Session ဖြင့် အစည်းအဝေးကို (၂)ရက်ကြာ ကျင်းပပြုလုပ်လေ့ရှိရာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်နိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်ပြီး နောက်တစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံမှ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။
ယခုအစည်းအဝေးတွင် အဓိကအားဖြင့် အာဆီယံပြန်ကြားရေးကဏ္ဍဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ ဘတ်ဂျက်လျာထားခြင်း၊ ပြန်ကြားရေးကဏ္ဍဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်းသည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးညှိနှိုင်းကြခြင်း၊ စီမံကိန်းအသစ်များ ဆောင်ရွက်လိုသည့် နိုင်ငံများက အဆိုပြုစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ နောက်တစ်ကြိမ် SCI Meeting အလှည့်ကျ ကျင်းပမည့်နိုင်ငံ ရွေးချယ်အတည်ပြုခြင်းတို့အား တက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြသည်။
အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးများအား နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျ ကျင်းပလေ့ရှိပြီး မေလမှဇူလိုင်လအတွင်း၌ တစ်ကြိမ်၊ ယဉ်ကျေးမှုဆိုင်ရာ ဆပ်ကော်မတီ SCC (Subcommittee on Culture)နှင့် ပူးတွဲကျင်းပလေ့ရှိသည့် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး (ASEAN-COCI Meeting) ကျင်းပသည့် နိုဝင်ဘာလတွင်တစ်ကြိမ် စုစုပေါင်း တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ဖြစ်ပွားမှုကြောင့် အလှည့်ကျ အိမ်ရှင်ဖြစ်သည့် စင်ကာပူနိုင်ငံက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးများအား (၂၀၀၇)ခုနှစ်တွင် တစ်ကြိမ်၊ (၂၀၁၈)ခုနှစ်တွင်တစ်ကြိမ် ပြန်ကြားရေးဝန်ကြီးဌာနက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် အာဆီယံနိုင်ငံများနှင့်အတူ လက်ရှိ ပူးပေါင်းပါဝင် အကောင်အထည်ဖော်လျက်ရှိနေသည့် စီမံကိန်းများအနေဖြင့် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ASEAN Quiz (National Level)နှင့် (Regional Level)ခွဲပြီး (၂)နှစ်တစ်ကြိမ် ကျင်းပသည့်စီမံကိန်း၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ရေဒီယိုနှင့် ရုပ်သံအစီအစဉ်များ၊ သတင်းများ အပြန်အလှန်လဲလှယ်၍ သက်ဆိုင်ရာနိုင်ငံများရှိ ရေဒီယိုနှင့် TV တို့မှ ထုတ်လွှင့်ပြသသည့် ASEAN Awareness စီမံကိန်းများ၊ Voice of ASEAN -Beyond Boundaries (VOA-BB) Project၊ ASEAN Television Network (ATN) Project၊ ASEAN Digital Broadcasting Project များအပြင် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် (ဂျပန်၊ တရုတ်၊ ကိုရီးယား)တို့နှင့် ပူးပေါင်းဆောင်ရွက်သည့် သတင်းမီဒီယာ ဝန်ထမ်းများ အပြန်အလှန် စေလွှတ်သည့် လေ့လာရေးခရီးစဉ်များ၊ သတင်းမီဒီယာ ကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများ၊ မီဒီယာအဖွဲ့အစည်းများအကြား ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နေသည့် စီမံကိန်းများတွင် တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။
(၂၂)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးအား (၂၀၂၁) ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


