နေပြည်တော် ဇူလိုင် ၁၉
    
အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ (Asia Pacific Telecummunity-APT) မှ ထိုင်းနိုင်ငံ  ဘန်ကောက်မြို့တွင် ဇူလိုင်လ (၁၉) ရက်မှ (၂၁) ရက်အထိ Hybrid Format ဖြင့် ကျင်းပလျက်ရှိသော “The 22nd APT Policy and Regulatory Forum (PRF-22)” အစီအစဉ်များအတွင်း ယနေ့ ကျင်းပသည့် ဝန်ကြီးအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က (Virtual) ဖြင့် တက်ရောက်ဆွေးနွေးသည်။ 
    
ဝန်ကြီးအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားတွင် အေပီတီ၏ အထွေထွေအတွင်း ရေးမှူးချုပ် Mr. Masanori Kondo က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆက်သွယ်ရေးမူဝါဒ ဆိုင်ရာဖိုရမ်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Trieu Minh Long က အဖွင့်အမှာစကားပြောကြားသည်။ 
    
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်အပါအဝင် ဦးဆောင်ဆွေးနွေးသူ (၆)ဦးတို့က                “ Digital Transformation and Innovation Strategies for Sustainable Digital Society ” ခေါင်းစဉ်ဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို အရှိန်မြှင့်တင်နိုင်ရန်အတွက် အစိုးရများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် နိုင်ငံသားများလုပ်ကိုင်ခွင့်ရှိသော မူဝါဒဆိုင်ရာမဟာဗျူဟာများနှင့် ချဉ်းကပ်နည်းများကို အာရှ-ပစိဖိတ်နိုင်ငံများတွင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံကောင်းများအဖြစ်  မျှဝေဆွေးနွေးခဲ့ကြသည်။
    
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အိုင်စီတီကဏ္ဍဖြေလျော့ခြင်းများ စတင်ဆောင်ရွက်ပြီးနောက် အိုင်စီတီနှင့်ဆက်သွယ်ရေး ဝန်ဆောင် မှုလုပ်ငန်းများ၏ ချိတ်ဆက်နိုင်မှု၊ ဈေးနှုန်းသင့်တင့်မှုနှင့် အရည်အသွေးတို့သည် သိသိသာသာ တိုးတက်လာသော်လည်း မြို့ပြနှင့်ကျေးလက်အကြားအသုံးပြုမှုတွင် ကြီးမားသော ကွာဟမှုသည် ယခုထက်ထိရှိနေသေးပါကြောင်း၊ အဆိုပါ ပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုမရရှိသေးသော ဒေသများအား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ရရှိရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေး မဟာဗျူဟာ(၂၀၁၉-၂၀၂၃)ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ထို့ပြင် ထိုသို့ဆက်သွယ်မှုနှင့် ဈေးနှုန်းသင့်တင့်မျှတမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သည်နှင့်အမျှ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာဆက်သွယ်မှုများ ပိုမိုများပြားလာကာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းနှင့်ဆက်နွယ်သည့် ကိစ္စရပ်များ ကြုံတွေ့လာရမည်ဖြစ်ပါကြောင်း၊ ယင်းတို့မှာ ဒစ်ဂျစ်တယ်နည်းပညာများနှင့်ဝန်ဆောင်မှုများအား အကျိုးရှိစွာအသုံးပြုနိုင်ရန်အတွက် သင့်လျော် သည့်နားလည်တတ်ကျွမ်းမှုလိုအပ်ခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာအားနည်းခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြုံတွေ့ရခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာများအား (အထူး သဖြင့် လူမှုကွန်ရက်အပါအဝင် ဒစ်ဂျစ်တယ်ပလက်ဖောင်းတို့တွင်) ကျင့်ဝတ်သိက္ခာမရှိပဲ အကျိုးမဲ့စွာ အသုံးပြုခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုအပေါ် စိန်ခေါ်မှုများရှိနေခြင်းတို့ဖြစ်ကြောင်းနှင့် ယင်းတို့ကို ကျော်လွှားနိုင်ရန်အတွက် စီမံဆောင်ရွက်ရမည့်နည်းတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာနှင့် အတွေ့အကြုံ ဖလှယ် မှုများရယူ၍ ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ 

ယနေ့ကျင်းပသည့်ဖိုရမ်သည် အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများ၏ ဆက်သွယ်ရေးနှင့် အိုင်စီ တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုကိစ္စ၊ ဒေသတွင်းလိုက်လျောညီထွေမှု (Harmonized) ဖြစ်စေမည့် မူဝါဒလုပ်ငန်းစဉ်များချမှတ်နိုင်ရေးအတွက် ၂၀၀၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပသည့် ဖိုရမ်ဖြစ်သည်။ 
အဆိုပါ ဆွေးနွေးပွဲတွင် APT အထွေထွေအတွင်းရေးမှူးချုပ် (APT Secretary General) ဖြစ်သူ Mr. Masanori Kondo က ဦးဆောင်ဆွေးနွေးပြောကြားသူ (Moderator) အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ဂျပန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများက Speaker များအဖြစ်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)