နေပြည်တော် ဒီဇင်ဘာ ၂၂
(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။
မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲ ကျင်းပရေးကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဆေးဝါး ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့တွင် ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာစန်းစန်းနွဲ့က သဘာပတိအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း(ဗဟို)ဥက္က ဦးစိုးဝင်းနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးအောင်ကျော်မင်းတို့က သဘာပတိအဖွဲ့ဝင်များအဖြစ်လည်းကောင်း ဆောင်ရွက်ကြပြီး မန္တလေးတိုင်း ဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ပါမောက္ခဦးဝင်းစိုးက “ကိုယ်တွေ့အာယုဗ္ဗေဒ ကုထုံးများလာ လိုတိုင်းရအပူကျဆေးကို စာပေသုတေသနအမြင်ဖြင့် လေ့လာခြင်း”၊ ရှမ်းပြည်နယ် ကျိုင်းတုံမှ ညီလာခံ ကိုယ်စားလှယ် ဦးမင်းဟန်နှင့်အဖွဲ့က “အာခါရိုးရာတိုင်းရင်းသားတို့၏ ကျန်းမာရေးဆိုင်ရာ ရိုးရာဓလေ့ များနှင့် ကြီးရွှေကုသမှုကိုလေ့လာခြင်း”၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်ကေသီမာက “သတ္တုအကြောင်းသိကောင်းစရာ”၊ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ကြည်က “ ဆီးဖြူနှင့် ရသာယနသတ္တိ ”၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ဒေါ်နေနေနိုင်ရည်က “ဝိဇ္ဇာဓရနယ ဆေးပညာရပ်၌အကျုံးဝင်သည့် နဝရတ်ကိုးပါး၏ ဂုဏ်စွမ်းအားများသည် လူသားတို့၏ လောကီရေးရာနှင့် ကျန်းမာရေးအတွက် တိုက်ရိုက်ဆက်စပ် အကျိုးကျေးဇူး ရှိနေခြင်းကို တိုင်းရင်းဆေး ပညာနှင့် ယှဉ်တွဲပြီး စာပေအထောက်အထားများအရ လေ့လာတင်ပြခြင်းအား ဖော်ထုတ်လေ့လာခြင်း” ခေါင်းစဉ်တို့ဖြင့် စာတမ်းများ ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် နှီးနှောဖလှယ်ပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ နာယက ဦးမြင့်လွင်က သဘာပတိအဖြစ် လည်းကောင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းညွန့်တို့က သဘာပတိအဖွဲ့ဝင်များအဖြစ် လည်းကောင်း ဆောင်ရွက်ကြပြီး ပဲခူးတိုင်းဒေသကြီးမှ ဒေါ်ခင်မျိုးဆွေနှင့်အဖွဲ့က “ငန်းဖျားရောဂါအားလေ့လာခြင်း"၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်မေသန်းမြင့် ထွေးနှင့် အဖွဲ့က “အရေ ပြားရောဂါ (ဝဲ၊ ယားနာ၊ ပွေး၊ ဒက်၊ အနာစက်)၌ ဆေးအမှတ်(၆)၊ ဆေးအမှတ်(၂၁)နှင့် အုန်းဆီတို့ ပေါင်းစပ်လိမ်းကျံစေခြင်းဖြင့် သက်သာပျောက်ကင်းမှုအား လေ့လာခြင်း”၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒေါ်ခိုင်ဇာလင်းနှင့်အဖွဲ့က “အနာပေါက် ရောဂါကုထုံးအစဉ်များမှ အနာတင်ဆေးအဖြစ် အသုံးပြုသော အသားနုတက် ဖယောင်းချက်အား လေ့လာခြင်း”၊ ရန်ကုန်တိုင်း ဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ဇာဇာဌေး (မှန်ချို)က “တိုးချဲ့စိုက်ပျိုးထိန်းသိမ်းသင့်သော ဆေးဖက်ဝင် ဇာတိပ္ဖိုလ်ပင်”၊ ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးတန်လီက “ကချင်တိုင်းရင်း သားများ မိရိုးဖလာအသုံးပြုခဲ့သည့် ဆေးဖက်ဝင်အပင် များ” ခေါင်းစဉ်တို့ဖြင့် စာတမ်းများ ဖတ်ကြားကြပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက စာတမ်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေး အကြံပြု ကြကာ ပညာရပ်များ နှီးနှောဖလှယ်ကြသည်။
ထို့နောက် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး (၂၂)ကြိမ် မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲတွင် သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသူများ၊ စာတမ်းရှင်များ၊ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးကြသော တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းရှင်များကို ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)