နေပြည်တော် ၁၉ ဩဂုတ်

 

(၂၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အစိုးရအစုအဖွဲ့မှ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ စဝ်စိုင်းငင်း(RCSS)၊ ပဒိုစောတာဒိုမူး(KNU)၊ ဦးမျိုးဝင်း (ABSDF)၊ စောမြရာ ဇာလင်း(ALP)၊ ခွန်မြင့်ထွန်း(PNLO)နှင့် နိုင်အောင်မငေး(NMSP)၊ နိုင်ငံရေးပါတီများအစု အဖွဲ့မှ ဦးနိုင်ငံလင်း(NLD)၊ ဦးမြင့်စိုး(USDP)၊ စိုင်းကျော်ညွှန့်(SNLD)၊ တာလှဖေ(တအာင်း (ပလောင်))၊ ဦးသိန်းထွန်း(NUP)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင်ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကိစ္စ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်၊ ညီလာခံဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ညီလာခံ တတိယနေ့အစီအစဉ်၊ ညီလာခံတွင် လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးသူများ၊ အသိသက်သေများ၊ အကြိမ် ၂၀ မြောက် UPDJC အစည်းအဝေး အစီအစဉ်နှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်