နေပြည်တော် မတ် ၂၃

(၂၉)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊  ညွှန်ကြားရေးမှူးများ၊ မွေးမြူရေးသုတေသန ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးပညာဌာနမှပါမောက္ခ၊ ဆရာမများ၊ နေပြည်တော်ကောင်စီ နယ်မြေ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသုတေသီများ၊ ပညာရှင်များ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးချောင်း၊ရွှေးစုနှင့် ဗိုလ်မင်းရောင်ကျေးရွာများမှ ကျေးရွာအတွင်းရှိ တောင်သူများ တက်ရောက်၍ “စပါး-ဘဲ၊ စပါး-ကြက် ပေါင်းစည်း စိုက်ပျိုးမွေးမြူခြင်းနှင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူခြင်းစနစ်များ(Farming System) အကြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ယခုကဲ့သို့ တောင်သူနည်းပညာ ဆွေးနွေးပွဲများ၊ အသိပညာနှင့် အတွေ့အကြုံနှီးနှောဖလှယ်ပွဲများ ကျင်းပပေးခြင်းသည် နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ပေးနိုင်ရန် အဓိကအခန်းကဏ္ဍက ပါဝင်နေကြသည့် တောင်သူများအားလုံးက မိမိကိုယ်မိမိ လယ်ယာစီးပွား လုပ်ငန်းရှင်များအဖြစ် ခံယူနှလုံးသွင်း ကြိုးပမ်းနိုင်ကြစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ၊ လုပ်ကွက်ငယ် လယ်သမားများ၏ ဝင်ငွေနှင့် စီးပွားရေး တိုးတက်လာစေရန် သီးနှံစိုက်ပျိုးရေးတခုတည်း လုပ်ကိုင်နေ၍မရနိုင်ပဲ မွေးမြူရေးကိုပါ တွဲဘက်လုပ်ကိုင်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုး တက်စေရန်အတွက် သုတေသနပညာရှင်များ၊ စိုက်ပျိုးပညာပေးရေးဝန်ထမ်များနှင့် တောင်သူများ ပူးပေါင်း၍လူထုလှုပ်ရှားမှုအသွင်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးပညာဌာနမှ ကထိက ဒေါ်သက်မွန်ပိုင် က မြန်မာနိုင်ငံရှိစိုက်ပျိုးမွေးမြူရေးစနစ်များ၊ စားကျက်သီးနှံ အခြေခံနွားမွေးမြူရေး နည်းစနစ်များ၊ ဒေသအချို့၏ စိုက်ပျိုးမွေးမြူစနစ် ခွဲခြမ်းလေ့လာခြင်း၊ သီးနှံအကြွင်းအကျန်များမှ တန်ဖိုးမြှင့် တိရစ္ဆာန်အစာပြုလုပ်ခြင်း၊ စားကျက်သီးနှံ စိုက်ပျိုး စနစ်များ၊ စားကျက်သီးနှံ ရိတ်သိမ်းနည်းစနစ်များ၊ တိရစ္ဆာန်အစာ ထိန်းသိမ်းခြင်းနည်းစနစ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားသည့် သုတေသန ရလဒ်များကို လည်းကောင်း ၊ မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီသီဝင်း နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါ်ခင်မြတ်သူတို့က စပါးနှင့်ဘဲ၊ စပါးနှင့်ကြက် တွဲဖက်မွေးမြူခြင်းနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် တောင်သူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်