ရန်ကုန် ၈ သြဂုတ်
၃၁ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ (၈၈) ဒီမိုကရေစီအရေးတော်ပုံကာလတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားဟောင်းများနှင့် ကျောင်းသားခေါင်းဆောင်များ၊ ရဟန်းရှင်လူပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပြီး ဒီမိုကရေစီ တိုက်ပွဲအဆက်ဆက်တွင် ကျဆုံးသွားခဲ့ကြသော ရဟန်း ရှင်လူ၊ ကျောင်းသား၊ ပြည်သူများအားလုံးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့်ငြိမ်သက်ကြသည်။
ထို့နောက် (၈၈)ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အဖွင့်နှုတ်ခွန်းဆက် အမှတ်တရ စကားပြောကြားပြီး ဦးမြအေးက အချက်ခြောက်ချက်ပါရှိသည့် ၃၁ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ သဘောထားကြေညာချက်ကိုဖတ်ကြားသည်။
ယနေ့အခမ်းအနားတွင် ကိုနိုင်မြန်မာနှင့်အဖွဲ့က ``ကမ္ဘာမကျေဘူး´´ သီချင်းဖြင့်တီးခတ် ဖျော်ဖြေမှုများနှင့်အတူ ရှစ်လေးလုံးအရေးတော်ပုံ အတွင်းထုတ်ဝေခဲ့သည့် သတင်းစာ၊ စာစောင်များတွင် ဖော်ပြခဲ့သည့် ကာတွန်းများကိုလည်းကောင်း၊ ရှစ်လေးလုံးအရေးတော်ပုံကာလ သမိုင်းမှတ်တမ်း ဓာတ်ပုံများကိုလည်းကောင်း ပြခန်းများ ဖွင့်လှစ်ပြသခဲ့သည်။
အလားတူ ယနေ့နံနက် ၈ နာရီ ၈ မိနစ်တွင် မဟာဗန္ဓုလပန်းခြံရှေ့ရှိ ယာဉ်ရပ်နားရာ နေရာတွင် ၃၁ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနေ့ အခမ်းအနားအဖြစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလတွင် ကျဆုံးခဲ့ကြသော ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူများအတွက် ဂုဏ်ပြုခြင်း၊ လွမ်းသူပန်းခွေချခြင်းနှင့် အမျှပေးဝေခြင်း အခမ်းအနားကို ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများစုပေါင်းကာ ပြုလုပ်ခဲ့ကြသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


