ရန်ကုန် မေ ၁၂
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ ၁၂ မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ တတိယအသုတ်သည် ယမန်နေ့ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ထွက်ခွာရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ တတိယအသုတ်တွင် ဂေါက်သီးအားကစားနည်းမှ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၄)ဦး၊ ပီတန်းအားကစားနည်းမှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၇)ဦး၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား(၁၅)ဦး၊ အမျိုးသမီး(၁၀)ဦး၊ E-Sports အားကစားနည်းမှ အမျိုးသား(၂၈)ဦး၊ ဘိလိယက်နှင့် စနူကာ အားကစားနည်းမှ အမျိုးသား(၇)ဦး၊ ပြေးခုန်ပစ်အားကစားနည်းမှ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး (၉)ဦး၊ မြားပစ်အားကစားနည်းမှ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၇)ဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများအဖွဲ့တို့ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ စတုတ္ထအသုတ်အနေဖြင့် မေ ၁၃ ရက်တွင်လည်းကောင်း၊ ပဉ္စမအသုတ်အနေဖြင့် မေ ၁၆ ရက်တွင်လည်းကောင်း၊ ဆဋ္ဌမအသုတ်အနေဖြင့် မေ ၂၀ ရက်တွင်လည်းကောင်း မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ တိုက်ရိုက်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်