နေပြည်တော် နိုဝင်ဘာ ၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၄) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၄/၂၀၂၃) ကို ယမန်မွန်းလွဲ ၃ နာရီခွဲတွင် ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေး၌ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ပုံမှန်အစည်း အဝေးများကျင်းပ၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အာမခံကုမ္ပဏီများမှ တင်ပြသည့် အာမခံအမျိုးအစားသစ်များ လုပ်ကိုင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အာမခံကျွမ်းကျင် ပညာရှင်များနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံအာမခံအသင်းက ပြင်ဆင်ရေးဆွဲထားသည့် မော်တော်ယာဉ် အာမခံပေါ်လစီအသစ်ကို ၂၀၂၃ခုနှစ်အောက်တိုဘာ ၁ ရက်တွင်စတင်ကျင့်သုံးရန် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ခွင့်ပြုခဲ့ပြီး New Motor Policy Launching Ceremony ကို ဈေးကွက်တွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့် အာမခံအမျိုး အစားသစ်များကို ထပ်မံခွင့်ပြုရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်အတွင်းရေးမှူးက ယခင်အစည်းအဝေး (၃/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့် အသက်အာမခံ အမျိုးအစားသစ်များနှင့် အထွေထွေအာမခံအမျိုး အစားသစ်ဖြစ်သည့် Electric Vehicle (EV) ယာဉ်များအတွက် အာမခံပေါ်လစီ အပိုအကာအကွယ် ပရီမီယံနှုန်း သတ်မှတ်ခွင့်ပြုပေး နိုင်ရေးကိစ္စ၊ ကော်ပိုရိတ် အသက်နှင့်အထွေထွေ အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်ပြုနိုင်ရေးကိစ္စ၊ ဌာနတွင်းအာမခံ ကိုယ်စားလှယ်သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေးကိစ္စများကို တင်ပြခဲ့ရာ တက်ရောက်လာကြသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုကြသည်။
ထို့နောက် အာမခံကုမ္ပဏီများမှ Certifying Actuary နှင့် Chief Operating Officer ခန့်ထားခြင်းကိစ္စ၊ အာမခံ ကိုယ်စားလှယ်လုပ်ကိုင်ခွင့် လိုင်စင်များ ထုတ်ပေးခွင့်ပြုရေးကိစ္စ၊ အာမခံကုမ္ပဏီများမှ ကုမ္ပဏီရုံးခွဲသစ် ဖွင့်လှစ်ခြင်းနှင့် Marketing Counter ပြန်လည်ပိတ်သိမ်းလိုခြင်းကိစ္စတို့ကို တင်ပြရာ အဖွဲ့ဝင်များက မှတ်တမ်းတင်အတည်ပြုကြသည်။
ယင်းနောက်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ (၅) ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ (၃) ခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ (၉) ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ (၃) ခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ (၆) ခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ (၂၇) ခုမှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အာမခံအမျိုးအစား (၄၆) မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်