(၃၆)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ ရန်ကုန်တိုင်းအတွင်း စက်ဘီးစီးနင်း အားကစားဝါသနာရှင် (၈၀ဝ) ဦးကျော် ပါဝင်ဆင်နွှဲ

ရန်ကုန်  ၂၆ မေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူလူထုပါဝင်သော (၃၆) ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးအားကစား လှုပ်ရှားမှု စက်ဘီးစီးနင်းပွဲကို ယနေ့နံနက် ၆ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အင်းစိန်နံ့သာကုန်းပန်းခြံအနီး ကျင်းပရာ အင်းစိန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။ 

 

60029

 

လူထုစုပေါင်းစက်ဘီးစီးနင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ စက်ဘီးစီးအားကစား ဝါသနာရှင် အမျိုသား/အမျိုးသမီး စုစုပေါင်း ၈၀ဝ ကျော် ပါဝင်စီးနင်းခဲ့ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားနှင့့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်ဘီးစီးဆပ်ကော်မတီတို့ ပူးပေါင်း၍ ပန်းဝင်သည်အထိ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

"ဒီလို လူထုစက်ဘီးစီးပွဲတွေ ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဘက်မှာလည်း အထောက်အကူ ပြုစေပါတယ်။ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု လောင်စာဆီ နည်းသွားတဲ့အပြင် စက်ဘီးစီးအားကစားကို လူထုစိတ်ပါဝင်စားလာပြီး စီးရင်းစီးရင်းနဲ့ စက်ဘီးကို ပြိုင်ချင်လာမယ်၊ စက်ဘီးစီး အားကစားအတွက်လည်း အထောက်အကူအများကြီးရပါတယ်။ ရှေ့ဆက်ပြီးတော့ နွေ/မိုး/ဆောင်း ရာသီသုံးမျိုးမှာ လတိုင်းလတိုင်း ခရိုင်တစ်ခုကို တစ်လတစ်ကြိမ် ကျင်းပသွားမှာပါ၊ ဒီတစ်ကြိမ်ဆိုရင်လည်း တောက်လျောက်ကျင်းပလာတာ (၃၆)ကြိမ်ရှိခဲ့ပြီပေါ့၊ ဒီနေ့ကတော့ ဝင်ရောက်စီးနင်းသူဦးရေ (၈၀ဝ) ကျော်မယ်လို့ ခန့်မှန်းရပါတယ်။ revicon အားဖြည့်အချိုရည်က တီရှပ်လေးတွေ ထောက်ပံ့ဝေငှပေးတော့ ရေတွက်လို့ရပါတယ်။ တစတစနဲ့ အရမ်းများလာပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စက်ဘီးစီးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးကိုကြီးက ပြောသည်။

ယနေ့ စက်ဘီးစီးလှုပ်ရှားမှုတွင် အင်းစိန်မြို့နယ် နံ့သာကုန်းပန်းခြံမှ စတင်တာထွက်ကာ လမ်းသစ်လမ်း - မင်းကြီးလမ်း - အောင်မင်္ဂလာဒုံလမ်း - ခရေပင်လမ်းခွဲ - ပြည်လမ်းအတိုင်း အင်းစိန်နံ့သာကုန်းပန်းခြံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များအပြင် အခြား မြို့နယ်အသီးသီးမှ ဝါသနာရှင်များလည်း ပါဝင်စီးနင်းခဲ့ကြသည်။

ထိုသို့ လူထုစုပေါင်းစက်ဘီးစီး အားကစားလှုပ်ရှားဆောင်ရွက်ရာတွင် မည်သည့်စက်ဘီး အမျိုးအစားမဆို ဝင်ရောက်စီးနင်း လှုပ်ရှားနိုင်ကြောင်း၊ လာမည့် ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုစက်ဘီးစီးပွဲများကို ကန်တော်ကြီးပတ်လမ်းတွင် (၃၇)ကြိမ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍ ရန်ကုန်အနောက်ပိုင်းခရိုင် စက်ဘီးစီးပွဲကို အင်လျားကန်ပတ်လမ်းတွင်လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် စက်ဘီးစီးပွဲကို သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ  ခရိုင်လေးခုတွင် တစ်လစီအလှည့်ကျ  လူထုစက်ဘီးစီးလှုပ်ရှားမှုများကို အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်ဘီးစီးဆပ်ကော်မတီမှ သိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး