ရန်ကုန် ဖေဖော်ဝါရီ ၁၄
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန မြန်မာနိုင်ငံ မီးသတ်ဝန်ထမ်းဟောင်းများအသင်း၏ (၃၇)နှစ်မြောက် သက်ကြီးပူဇော်ပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် သီတာခန်းမ၌ကျင်းပရာ မီးသတ်ဦးစီးဌာန ညွှန်ကြးရေးမှူးချုပ် ဦးမြတ်သူနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ် ဝန်ထမ်းဟောင်းများအသင်းမှ အမှုဆောင်များနှင့် အသင်းဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ မီးသတ် အရာရှိများနှင့် တပ်ဖွဲ့ဝင်များတက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့် တပ်ဖွဲ့ဝင်များက (၇၅)နှစ်နှင့်အထက် မီးသတ်ဝန်ထမ်းဟောင်းများကို ဂါရဝပြု ကန်တော့ပြီး ညွှန်ကြားရေးမှူးချုပ်က အလှူငွေကျပ် ၂၁,၁၈၀,၀၀၀၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူးလောင်း သင်တန်းအမှတ်စဉ်(၄)မှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ၁၆ သိန်းနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် ၁၅ သိန်းတို့ကို အသင်းနာယက ဦးမြင့်ထွန်းထံသို့ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် တည်ဆောက်လျက်ရှိသည့် မီးသတ်တပ်ဖွဲ့ ဘိုးဘွားရိပ်သာအတွက် မြန်မာနိုင်ငံ မီးသတ်ဝန်ထမ်းဟောင်းများအသင်းက ငွေကျပ် သိန်း ၅၀၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက ငွေကျပ်သိန်း ၃၀၊ လက်ထောက်ဦးစီးမှူးလောင်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသား သင်တန်းသူများက ငွေကျပ် ၂ သိန်းနှင့် မီးသတ်ဦးစီးဌာန(နေပြည်တော်)ရုံး၌ တည်ထားကိုးကွယ်လျက်ရှိသည့် ရာဇမုဏိရုပ်ပွားတော် မြတ်ဓမ္မာရုံ တည်ဆောက်ရန်အတွက် ငွေကျပ် ၂ သိန်းတို့ကို ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် မြန်မာနိုင်ငံမီးသတ်ဝန်ထမ်းဟောင်းများ၏ သာရေး၊ နာရေးအတွက် ကူညီထောက်ပံ့ပေးကြသည့် မီးသတ် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့်ဇနီး၊ စန္ဓီပရဆေးကုမ္ပဏီ၊ မြတ်နိုးလေးကုမ္ပဏီ၊ ဦးမင်းစမ်းအေးမိသားစုနှင့် ဦးမိုးဇော်(Secure Network)မိသားစုတို့အား အသင်းဥက္ကဋ္ဌဦးဇော်ဝင်းက ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ (၃၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအသင်း နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အသင်းနာယကနှင့် အသင်းဥက္ကဋ္ဌတို့က အမှာစကားပြောကြား၍ မြန်မာနိုင်ငံမီးသတ်ဝန်ထမ်းဟောင်းများအသင်း အတွင်းရေးမှူးက နှစ်ပတ်လည်အစီရင်ခံစာကို တင်သွင်းကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)