နေပြည်တော်၊ ဇူလိုင် ၁၃
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွား စေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာမင်္ဂလာ အစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်နေ့မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမ များစွာပါဝင်သည့် မာတာပိတု ဥပဋ္ဌာနံ (မိဘတွေကို လုပ်ကျွေးစောင့်ရှောက်ခြင်း) နှင့် ခန္တီစ (အရာရာ၌ သည်းခံခြင်း) အစီအစဉ်(၂)ခုကို ဇူလိုင် ၁၆ ရက် စနေနေ့ည ၉ နာရီတွင် ဆက်လက်ပြသမည် ဖြစ်သည်။
ယင်းတင်ဆက်မှုကို ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသား ပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ထက်မြက်အောင်၊ ရန်ရှင်းမောင်၊ ဓါတ်လင်း၊ ရွှေအိုးနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။
ထို့အပြင် ဇူလိုင် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့နှင့် ဇူလိုင် ၂၁ ရက်၊ ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ သတင်းအပြီး၌ ယင်းအစီအစဉ်များကို တစ်ပိုင်းစီခွဲခြား၍ ပြန်လည်ပြသ မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)