ဗန်းမော် ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှေးဟောင်းသမိုင်းဝင် ရှမ်းမျိုးနွယ်ဝင်များ ကောက်ဦးဆွမ်း စုပေါင်းကပ်လှူပူဇော်ခြင်းကို ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ဆိုင်းခဲ့ရသော်လည်း ယခုနှစ်တွင် (၄၅)ကြိမ်မြောက်အဖြစ် ရှမ်းမျိုးနွယ်ဝင်များ ကောက်ဦးဆွမ်း စုပေါင်းကပ်လှူ ပူဇော်ခြင်းကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် ရွှေကျီးနားရပ်ကွက်၊ ရွှေကျီးနား စေတီတော်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။
ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ကုသိုလ်ရှင်များက ဗန်းမော်ခရိုင်ရှိ ကျောင်းတိုက်ပေါင်း ၂၃၆ ကျောင်းမှ ပင့်သံဃာ အပါး ၂၀၀ နှင့် သီလရှင် အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ကြမည်ဖြစ်သည်။
အဆိုပါ ကောက်ဦးဆွမ်း ကပ်လှူပူဇော်ပွဲသည် ဗန်းမော်ခရိုင်လုံးဆိုင်ရာ ပွဲဖြစ်၍ ဗန်းမော်ခရိုင်ရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမြိုနယ်များနှင့် ရပ်နီးရပ်ဝေးရှိ ရှမ်းမျိုးနွယ်ဝင်များက ညအိပ် လာရောက်ကြပြီး ရွှေကျီးနားမဟာစေတီတော်နှင့် အိုက်ခေါတော်စေတီတော်တို့အား ဆီမီး၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာတိုင်များနှင့် ပေါ်ဦးပေါ်ဖျား ကောက်ဦးဆွမ်း စုပေါင်းကပ်လှူခြင်း၊ ဝတ်ရွတ် အသင်းများက တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်များ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
ဆီမီးခုံ-နန်းရီ


