နေပြည်တော် ၂၃ ဇူလိုင် 

မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးများနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်ကို အဖွဲ့ဝင်နိုင်ငံများတွင် အလှည့်ကျကျင်းပလျက်ရှိရာ (၄၅)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်းအဖွဲ့အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပုဂံမြို့တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

2019

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မဲခေါင်ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးများကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် (၇)ကြိမ်တိုင်တိုင် လက်ခံကျင်းပခဲ့သော်လည်း မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်ကိုမူ လာမည့်နှစ်အပါအဝင် နှစ်ကြိမ်သာ လက်ခံကျင်းပရသေးကြောင်း၊  ယခုအကြိမ်တွင်ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်ဖြစ်သော ပုဂံမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ပုဂံအား လတ်တလောတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်တစ်ခုအဖြစ် ရွေးချယ်ခြင်းခံထားရသည့်အတွက် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် -၂၀၂၀ ကို လက်ခံကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ်ကို နိုင်ငံတကာ ခရီးသွားများအကြား မြှင့်တင်နိုင်ရုံသာမက  ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သော ပုဂံမြို့၏ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် ဝန်ကြီးဌာန အနေဖြင့် ဝမ်းမြောက်ပါကြောင်း။

အဆိုပါဖိုရမ်သို့ နိုင်ငံတကာမီဒီယာများမှလည်း လာရောက်သတင်းယူနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ခရီးသွား ပုံရိပ်ကိုမြှင့်တင်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများအနေဖြင့်လည်း အဆိုပါ အစည်းအဝေးနှင့် ဖိုရမ်အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံး (Mekong Tourism Coordinating Office- MTCO) မှ အမှုဆောင် ဒါရိုက်တာ Mr. Jens Thraenhart ဦးဆောင်သောအဖွဲ့က မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ 

အဆိုပါ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်အား ၂၀၂၀ ခုနှစ် မေလပထမပတ်အတွင်း ပုဂံမြို့တွင် ကျင်းပသွားရန် ကနဦးဆုံးဖြတ်ခဲ့ကြပြီး ၎င်းဖိုရမ်အား ပုဂံမြို့တွင် ကျင်းပခြင်းဖြင့် ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO မှ အသိအမှတ်ပြုထားရှိသည့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား မဲခေါင်ဒေသတွင်း၌သာမက ကမ္ဘာသို့ မြှင့်တင်ကြော်ငြာနိုင်မည် ဖြစ်သည်။

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်း အဝေးသည် မြန်မာနိုင်ငံအနေဖြင့် (၇) ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အစည်းအဝေးဖြစ်ပြီး၊ မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ်မှာ ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဖိုရမ်ဖြစ်ပါကြောင်း သိရသည်။
 
သတင်းစဉ်