ရန်ကုန် ၁၇ မေ
(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာ မူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏ သဘောထားမှတ်ချက်၊ အတည်ပြုချက်ရယူခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (NESP၂၀၁၆-၂၀၂၁)တွင် ဆရာအတတ်ပညာရေး၏ အဆင့်အတန်းကို မြှင့်တင်ရာတွင် ဆရာများသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ သို့ဖြစ်၍ ဆရာအတတ်ပညာရေး၏ အဆင့်အတန်းကို ပြုပြင်ပြောင်းလဲရန် အဓိကကျပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာရေး၏ အရည်အသွေးမြှင့်တင်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
အရေးကြီးသော နယ်ပယ်တစ်ခုတွင် (၂)နှစ်သင် ပညာရေးကောလိပ်မှ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် ဖွင့်လှစ်နိုင်ရန်နှင့် မူလတန်း၊ အလယ်တန်း ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းအသစ်ရေးဆွဲပြဌာန်းခြင်း ဖြစ်ပါကြောင်း။
သင်ရိုးညွှန်းတမ်း အညွှန်းဘောင်သည် ပညာရေးကောလိပ်သင်ရိုးညွှန်းတမ်းကို အရည်အသွေး မြှင့်တင်ရန် အကောင်းဆုံး လမ်းညွှန်တစ်ခု ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းအညွှန်းဘောင်သည် ကျွမ်းကျင် မှုကို အခြေခံသည့်သင်ရိုးညွှန်းတမ်းအသစ်ကို နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီရန် မည်ကဲ့သို့ ပြုပြင်ရမည်ကို ပြောကြားလိုပါကြောင်း၊
သင်ရိုးညွှန်းတမ်းအညွှန်းဘောင်နှင့် ဘာသာရပ်သင်ရိုးမာတိကာများကို ပြန်လည်သုံးသပ်ရာတွင် အချိန် ပေး၍ ပူးပေါင်းပါဝင်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် (၄)နှစ်သင်ဒီဂရီ ကောလိပ်အစီအစဉ်ကို စတင် အကောင်အထည်ဖော်ရန်အတွက် ကြိုတင်ပြင်ဆင်ရာတွင် အရေးကြီးသော အဆင့်တစ်ခု ဖြစ်ကြောင်းနှင့်သင်ရိုးညွှန်းတမ်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ထိရောက်သော ဆွေးနွေး အကြံပြုချက်များပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက (၄)နှစ် သင်ပညာရေးဒီဂရီကောလိပ်သင်ရိုးညွှန်းတမ်းအညွှန်းဘောင်၊ သင်ရိုးမာတိကာမူကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပထမအကြိမ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထား မှတ်ချက်များအား တင်ပြသည်။
ယင်းနောက် (Curriculum Core Team member)ဝင်များဖြစ်ကြသည့် စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာခင်မာရီက Educational Studies ဘာသာရပ်နှင့်စပ်လျဉ်း၍ လည်း ကောင်း၊ မုံရွာပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂ ီကျော်က သိပ္ပံဘာသာရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြောင်းမြပညာရေးကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်သူဇာရှိန်က ဝိဇ္ဇာဘာသာရပ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ သင်္ဃန်းကျွန်းပညာရေးကောလိပ်မှ ဌာနမှူး ဒေါ်လွယ်လွယ်ခိုင်က တွဲဖက်သင်ရိုး ဝင်ဘာသာရပ်နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ Board of Study အဖွဲ့ဝင်များက ဆွေးနွေးကြသည်။
ထို့နောက် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်းအညွှန်းဘောင်၊ သင်ရိုးမာတိကာ မူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏ သဘောထားမှတ်ချက်၊ အစည်းအဝေး ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ပြီး အတည်ပြုချက်ရယူခဲ့ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)