နေပြည်တော် ၂၈ ဇွန် 

 

(၅)ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် အောင်ဘာလေသိန်းဆုအတွက် ထီစာအုပ်ပေါင်း (၃၁) သိန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

 

ယခုလအတွက် ထီစာအုပ်ပေါင်း (၃၂၇၂၇၂၀)အုပ်ရှိရာတွင် ထီစာအုပ် (၃၁၀၃၀၄၀) အုပ် ရောင်းချနိုင်ခဲ့၍ ထီစာအုပ် (၁၆၉၆၈၀)အုပ်မှာ ရောင်းမကုန် ထီလက်မှတ်များ ဖြစ်ပေါ်ခဲ့ပြီး ရောင်းရငွေစုစုပေါင်းမှာ ငွေကျပ် ၃၁၀၃၀ ဒသမ ၄ သန်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရောင်းချရငွေမှ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၈၆၁၈ ဒသမ ၂၄ သန်းကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ပြီး (၅)ကြိမ်မြောက် ကျင် ၁၀ဝ၀တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဇူလိုင် ၁ ရက် နံနက် ၈ နာရီမှစတင်၍ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

ထီဆုငွေများအဖြစ် အထူးဆုကြီးစနစ်တွင် ကျပ်သိန်းတစ်သောင်းငါးထောင်(၁)ဆု၊ ကျပ်သိန်းတစ်သောင်း(၁)ဆု၊ ကျပ်သိန်းငါးထောင်ဆု(၂)ဆု၊ ကျပ်သိန်းနှစ်ထောင်ဆု(၄)ဆု နှင့် ကျပ်သိန်းတစ်ထောင်ဆု(၈)ဆု၊ ဆုတစ်ဆုချင်း စနစ်တွင် ကျပ်သိန်းငါးရာ၊ ကျပ်သိန်းနှစ်ရာ၊ ကျပ်သိန်းတစ်ရာ၊ ကျပ်သိန်းငါးဆယ်၊ ကျပ်သိန်းနှစ်ဆယ်၊ ကျပ်ဆယ်သိန်း၊ ကျပ်ငါးသိန်းနှင့် ဝေဝဆာဆာပဒေသာ ဆုမဲများဖြစ်သည့် ကျပ်သုံးသိန်း၊ ကျပ်နှစ်သိန်း၊ ကျပ်တစ် သိန်းနှင့် ကျပ်ငါးသောင်းဆုမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

 

ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဘဏ္ဍာသိမ်းဆုငွေ ကျပ်သန်း(၂၅၀)မှ ဆုတစ်ဆုချင်း ဆုမဲများအဖြစ် ကျပ်ဆယ်သိန်းဆုများ၊ ဝေဝဆာဆာ ဆုမဲများအဖြစ် ကျပ်သုံးသိန်းဆုများ၊ ကျပ်နှစ်သိန်းဆုများ၊ ကျပ်တစ်သိန်းဆုများကို ထည့်သွင်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ထီဖွင့်ပွဲတွင် ဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်များကို ရောင်းမကုန် ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာပါက ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဝေဝဆာဆာပဒေသာ ဆုမဲစနစ်တွင် ရောင်းမကုန် ထီလက်မှတ်နံပါတ်မှ ဆုမဲထွက်ပေါ်လာပါက အဆိုပါ ဆုတန်ဖိုးများ စုပေါင်း၍ အခြားသင့်လျော်သော ဆုမဲများကို အစားထိုးပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

(၅) ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် ကံထူးရှင်များအနက် ကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များကို ဇူလိုင် ၂ ရက်မှစ၍လည်းကောင်း၊ အခြားကံထူးရှင်များကို ဇူလိုင် ၁၁ ရက်မှစ၍လည်းကောင်း ထီဆုငွေ ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများ၌ တင်ပြထုတ်ယူနိုင်ကြောင်း သိရသည်။

 

မောင်မောင်မျိုး