စစ်တွေ ၂၂  ဇွန်

ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့  အထိမ်းအမှတ်အခမ်းအနားကို အိန္ဒိယကောင်စစ်ဝန်ရုံး (စစ်တွေ) မှ ကြီးမှူး၍ စစ်တွေမြို့ စစ်တွေဆိပ်ကမ်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ယောဂနေ့အခမ်းအနားသို့ အိန္ဒိယကောင်စစ်ဝန်ရုံး (စစ်တွေ)မှ တာဝန်ရှိသူများ၊ စစ်တွေမြို့ရှိ ရွှေပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်း၊ ရွှေစေတီဘုန်းတော်ကြီး စာသင်ကျောင်းနှင့် ပုဂ္ဂလိက အင်္ဂလိပ်စာသင်တန်းကျောင်းတို့မှ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ ၁၅၀ ဦးခန့် လာရောက်၍ ယောဂ လေ့ကျင့်ခန်းပြုလုပ်ကြသည်။

"ပြည်နယ်တစ်ခုလုံးအနေနဲ့တော့ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် မရှိသေးပါဘူး။ တစ်နှစ်တစ်ခါ ပြုလုပ်တဲ့ ပွဲတိုင်းမှာတော့ စိတ်ပါဝင်စားတဲ့သူတွေ ပိုများလာတာတွေ့ရတယ်။ ဒီယောဂအကြောင်းကို ရခိုင်တစ်ပြည်နယ်လုံးမှာ ရှိတဲ့ လူတွေလည်းသိရှိဖို့ လိုပါသေးတယ်။ သိမှလည်း ကောင်းတဲ့ အကျိုးကျေးဇူးတွေကိုသိရှိနိုင်မှာ ဖြစ်ပါတယ်။”

“သူရဲ့အကျိုးကျေးဇူးတွေကတော့ စိတ်ထဲမှာ ငြိမ်းချမ်းတယ်။ ကိုယ့်ရဲ့စိတ် ငြိမ်းချမ်းတဲ့အတွက် ဘေးပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းမှုတွေ ကူးစက်သွားစေတယ်။ တစ်ဦးနဲ့ တစ်ဦးရန်လိုမှုတွေ မရှိတော့ဘူး။ မေတ္တာတရားတွေ ပွားများလာပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပါတယ်"ဟု စစ်တွေမြို့ ရွှေပျိုးခင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာခင်မောင်က ပြောသည်။

ယောဂသည် စိတ်နှင့်ခန္ဓာကိုယ်၊ အတွေးနှင့်လှုပ်ရှားမှု၊ ချုပ်တည်းကန့်သတ်မှုနှင့် ပြည့်ဝမှုတို့ကို ညီညွတ်မျှတမှု ရှိရန် ချိတ်ဆက်ပေးသည်။ လူသားနှင့်သဘာဝ၊ ကျန်းမာရေးနှင့် နေထိုင်ကောင်းရေးကို ဟန်ချက်ညီမျှရန် ဆောင်ရွက်ပေးသည်။ ထိုသို့ ကမ္ဘာ့လူသားတို့၏ ကျန်းမာရေးနှင့်ကြံ့ခိုင်ရေးအတွက် ယောဂလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးများအား သိရှိကြပြီးနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၌ ဇွန်လ ၂၁ ရက်နေ့ကို "အပြည်ပြည်ဆိုင်ရာ ယောဂနေ့"အဖြစ် သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

 

mdn

 

"ယောဂကို အရင်ကကြာဖူးတာတော့ ကြာပါပြီ။ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သေချာမသိခဲ့ဘူး။ ဒီပွဲကိုရောက်တော့မှပဲ ယောဂဆရာတွေရဲ့ သင်ကြားမှု နည်းလမ်းတွေကို သေချာမှတ်ယူပြီး နည်းစနစ်တကျ အိမ်မှာနေ့တိုင်း လုပ်ဖြစ်ပါတယ်။ အဲဒီလိုလုပ် ဖြစ်တဲ့အတွက် ဘယ်လောက်ပဲပင်ပန်းမှုတွေ ရှိရှိ စိတ်ရောလူရော အမြဲလန်းဆန်းနေတယ်။ ကျန်းမာရေးအတွက်သာမက စိတ်ငြိမ်းချမ်းမှုတွေကိုလည်း ရရှိစေပါတယ်။ ဒါကြောင့် ဒီယောဂကျင့်စဉ်ကို လူတိုင်းနီးပါး စိတ်ပါဝင်စားစွာ လုပ်ဆောင်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်" ဟု ယောဂလာရောက် လေ့ကျင့်သူတစ်ဦးကပြောသည်။

ဟန်မင်း