စစ်တွေ၊ အောက်တိုဘာ ၁
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အငြိမ်းစား ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ အခမ်းအနားသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်မှ ပေးပို့သည့်သဝဏ်လွှာကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က ဖတ်ကြားကာ ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရဲသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက မှုခင်းများ ဖော်ထုတ်၊ ဖမ်းဆီးရမိမှုတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ရာထူးတိုးတံဆိပ် တပ်ဆင်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ဖြင့် ဂုဏ်ပြုချီးမြှင့်ကြသည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်ဂါရဝစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးတို့က သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေနှင့် ဂုဏ်ပြုပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ ကန်တော့ခံဘိုး ဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကန်တော့ခံ အဘိုးအဘွားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)