ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ညီနောင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့်် အတူ လက်တွဲပူးပေါင်းဆောင်ရွက်
နေပြည်တော်၊ အောက်တိုဘာ ၁
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များကို အမှတ်တရဂုဏ်ပြုသောအားဖြင့် (၁)မိနစ် ငြိမ်သက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင်
လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြပြီး ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ကာ ရဲတပ်ဖွဲ့ နေ့အဖြစ်လည်း စတင်သတ်မှတ် ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ”ဆိုသည့် ဦးထိပ်ပန်ဆင်ထားသော ဆောင်ပုဒ်နှင့် အညီ ပြည်သူ့အကျိုးစီးပွားကို ပိုမို ဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ ဖြစ်လာစေရန် အသွင်သဏ္ဌာန်ရော၊ အနှစ်သာရပါ ပြောင်းလဲလာ အောင် နှစ်အလိုက် အစီအမံများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လာရာ ယခုဆိုလျှင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

လက်တွဲပူးပေါင်းဆောင်ရွက်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ် နှင့် ဦးတည်ချက် (၉) ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား ဆက်လက်ဆောင်ရွက်သွားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ညီနောင်အဖွဲ့ အစည်းဖြစ်သည့် တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရန် အလေးထားမှာကြားလိုကြောင်း၊ ထို့အပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ် ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
နိုင်ငံဖြတ်ကျော် မှုခင်းများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူသားလုံခြုံရေးအတွက်လည်း ကြီးမားသည့်ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း၊ ယင်းမှုခင်းများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲသည့်အတွက် နိုင်ငံများ အကြား ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက် တုံ့ပြန်မှုများနှင့် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
၂၀၂၃ ခုနှစ်တွင် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအကြား နယ်စပ် ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် မဲဆောက်မြို့တို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်း လောင်းကစားမှု(Online Gambl-ing)ဆိုင်ရာ ရှေ့ပြေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် Online လိမ်လည်မှု ကျူးလွန်ရန် အဓမ္မစေခိုင်းသည့် ဖြစ်စဉ်များကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇွန် ၁၆ ရက်အထိ စစ်ဆင်ရေး ကာလသတ်မှတ်ပြီး သုံးနိုင်ငံ နားလည်မှုရှိရှိနှင့် ထိထိ ရောက်ရောက် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း။
ဖမ်းဆီးအရေးယူနိုင်ခဲ့
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လည်း အနီးကပ် ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး အထူးစစ်ဆင်ရေး (၃၈) ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင် တင်သွင်းမှုများကို တားဆီးဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး “Operation 39”ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အနေဖြင့် အမှုပေါင်း ၄၃၈၀၊ တရားခံပေါင်း ၅၉၇၄ ဦး စုစုပေါင်း တန်ဖိုးငွေကျပ် ၆၂၃ ဘီလီယံ ကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း။
၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲတွင် စုစုပေါင်းတန်ဖိုးကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်(အမေရိကန် ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း)ရှိသည့် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း ၁၀၈ မျိုးတို့ကို ဖျက်ဆီးခဲ့ ကြောင်း။
လူကုန်ကူးမှု ၂၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့
မျက်မှောက်ခေတ် လူကုန်ကူးမှု အခြေအနေမှာ ကမ္ဘာတစ်ဝန်း တိုးတက်လာသည့် အင်တာနက် နည်းပညာများကို အသုံးပြုပြီး လူကုန်ကူးသူများက လူသစ် စုဆောင်းခြင်းများ ပြုလုပ်ပြီး လူကုန်ကူးမှုပုံစံများနှင့် စီးဆင်း မှုများ ပြောင်းလဲလာပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် လူကုန်ကူးမှုများကို ထိရောက်စွာအရေးယူနိုင် ရန် ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ် အထိ လူကုန်ကူးမှု ၂၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ လူကုန် ကူးသူ တရားခံ စုစုပေါင်း ၆၅၁၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဒေသတွင်း လူကုန်ကူးမှုခင်းများ နှင့် လူမှောင်ခိုမှုများ တားဆီး နှိမ်နင်းရေး စီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL)တို့နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့အချိန်အခါတွင် ငွေကြေး ခဝါချမှု၊ ငွေကြေးလိမ်လည်မှုနှင့် အဂတိလိုက်စားမှု အပါအဝင် ငွေကြေးဆိုင်ရာပြစ်မှု (Financial Crime)၊ အွန်လိုင်းအသုံးပြု လိမ်လည်မှု အပါအဝင် ဆိုက်ဘာ ပြစ်မှု (Cyber Crime)၊ အကြမ်း ဖက်မှု (Terrorism) တို့သည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု အဆင့်အမြင့်ဆုံးဖြစ်နေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့အား တိုက်ဖျက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှုတို က်ဖျက်ရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ တရားစီရင်ရေး အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် ကြရန် အလေးထားမှာကြား လိုကြောင်း။
တပ်ဖွဲ့ဝင်များ၏ တာဝန် ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထားအသိအမှတ်ပြုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စိစစ်ချီးမြှင့်ပေးလျက်ရှိကြောင်း၊ မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ် သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ်တွင်လည်း ဂုဏ်ယူ လေးစား အသိအမှတ်ပြုပါကြောင်း ကို ထပ်လောင်းပြောကြားလိုပါကြောင်း။
ချီးမြှင့်ပေးခဲ့
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့ရာတွင် ဝဏ္ဏကျော်ထင်ဘွဲ့ခုနစ်ဦး၊ ရဲသီဟတံဆိပ် တစ်ဦး၊ ရဲသူရ တံဆိပ် ၁၉ ဦး၊ ရဲဗလတံဆိပ် ၃၆ ဦး၊ ရဲသူရိန်တံဆိပ် တစ်ဦး၊ ရဲကျော်သူတံဆိပ် ငါးဦး၊ လူမှု ထူးချွန်တံဆိပ်(တတိယအဆင့်) တစ်ဦး၊ ရဲမှုထမ်းကောင်း ၃၃၀၊ နိုင်ငံတော် ရဲမှုထမ်းတံဆိပ် ၈၂၉ ဦး၊ မြန်မာနိုင်ငံ ရဲပူးတွဲတိုက်ပွဲဝင် တံဆိပ် ၁၉၁၀၊ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ် ၂၅ ဦး၊ ပြည်သူ့ ဝန်ထမ်းတံဆိပ် ၅၇ ဦး၊ ငြိမ်ဝပ် ပိပြားရေးနှင့် တရားဥပဒေစိုးမိုး ရေးတံဆိပ် ၄၁၆၇ ဦး စုစုပေါင်း ၇၃၈၈ ဦးကို ချီးမြှင့်ပေးခဲ့ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ် စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်များနှင့် တည်ဆောက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်က တိုးမြှင့်ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအနေဖြင့် အဖွဲ့အစည်းကောင်း တစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန် နှင့် တာဝန်ကျေပွန်ရန် စသည်များကို စဉ်ဆက်မပြတ် ဆက်လက်ခံယူလေ့ကျင့်နေကြရမည်ဖြစ် သကဲ့သို့ လူမှုအဖွဲ့အစည်းတစ်ရပ် လုံးကိုလည်း ဥပဒေနှင့်အညီ လုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရား လက်ကိုင် ထားပြီး အကာအကွယ်ပေး စောင့်ရှောက်သွားကြရန်နှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်ထောင်စု တစ်ဝန်းလုံး လုံခြုံတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရာတွင်သက်ဆိုင်ရာ ဥပဒေဘက်တော်သား အဖွဲ့အစည်းများအပြင် မိမိတို့တာဝန်ကျရာ နယ်မြေ အလိုက် ပြည်သူများနှင့်ပါ လက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန် မှုမရှိစေရေး၊ ပြစ်မှုကျူးလွန်ပါ ကလည်း ပြေးစရာမြေနေရာမရှိ သည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ပြီး ပြစ်မှု အလိုက် ထိရောက်သည့် ပြစ်ဒဏ် ကျခံနိုင်ရေးတို့ကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပေါ် အထင်ကြီးလေးစားဂုဏ်ယူ ရသည့် အဖွဲ့အစည်းဖြစ်စေရေး စစ်သည်အဆင့်မှ ဝန်ကြီးအဆုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ကျောသားရင်သားမခွဲခြားဘဲ အဆင့်ဆင့် အုပ်ချုပ်ကွပ်ကဲကာ ပေးအပ်လာသည့် တာဝန်များကို လည်း ကျေပွန်စွာထမ်းဆောင်ကြရန် အထူးတိုက်တွန်းမှာကြား လိုကြောင်း။
ကြိုးပမ်းလုပ်ဆောင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ အလေးထားဆောင်ရွက် သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသား ဖြောင့်မတ်မှု၊ သမာသမတ်ရှိမှု တို့နှင့် ကြိုးပမ်းလုပ်ဆောင်သွား ကြရန်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း ပြည်သူ လူထုတစ်ရပ်လုံးက လေးစား အားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ထို့နောက် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်း အမှတ် Video Clip ကို ပြသသည်။
ဆုများပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင်လေးဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်ရရှိသူ တစ်ဦးကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသူတပ်ဖွဲ့ဝင်လေးဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ နှစ်ဦးကိုလည်း ကောင်း ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်း အမှတ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရုပ်လုံးရုပ်ကြွများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြုလျက်ရှိသည့် စက် ကိရိယာများ၊ နည်းပညာဆိုင်ရာ ပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးရေး စက်များနှင့် ယာဉ်များကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် အခမ်းအနားအစီ အစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး စံပြရဲအဆင့် တိုးဆုရရှိသူများနှင့် စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယရဲချုပ်များက စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူများနှင့် ရုံးဝန်ထမ်း ထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ရဲချုပ်၏ဇနီးနှင့် ဒုတိယရဲချုပ်များ၏ ဇနီးများက အမျိုးသမီးစွမ်းဆောင်ရှင်ဆုနှင့် နေအိမ်လိုင်းခန်း သန့်ရှင်းရေးဆုရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်