နေပြည်တော် မတ် ၁
(၆၃) နှစ်မြောက်တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းဝန်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မျိုးစေ့ကုမ္ပဏီများမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်အသီးသီးမှ တောင်သူလယ်သမားများ၊ မျိုးစေ့ထုတ်လုပ် တင်သွင်းဖြန့်ဖြူးရောင်းချသူများ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် ရရှိသုံးစွဲနိုင်မှသာ သီးနှံများအရည်အသွေးရော အထွက်နှုန်းပါတိုးတက်လာမည်ဖြစ်ကြောင်း မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူများအား မိမိတို့ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသားပိုင်ကုမ္ပဏီများသာမက နိုင်ငံခြားသားကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ကြပြီဖြစ်ပါကြောင်း။ 
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သော “တောင်သူလယ်သမားများ သွင်းအားစု (မျိုးစေ့) များကို လွယ်ကူအဆင်ပြေစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီစီမံဆောင်ရွက်ရန်” ဆိုသည့် ပြဌာန်းချက်နှင့်အညီ မျိုးစေ့ပြပွဲများကို ၂၀၁၈ခုနှစ်မှ စတင်၍ ကျင်းပခဲ့ရာ ယခု “မျိုးစေ့ပြပွဲ ၂၀၂၅” Seed Fair 2025 မှာ သတ္တမအကြိမ်မြောက်ဖြစ်ကြောင်း၊ ယခုမျိုး စေ့ပြပွဲများကို အခြေတည်၍ အစိုးရဌာနနှင့် ပုဂ္ဂလိကတို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မျိုးစေ့ကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေပြီး၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဆထက်ထမ်းပိုး သည်ပိုးရွက်ဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တောင်သူများ အရင်းအနှီး ပိုမိုတောင့်တင်းလာစေရေးနှင့် ဈေးကွက်ခိုင်မာရေးအတွက် လယ်ယာကုန်ထုတ် သမဝါယမအသင်းများ၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးနှင့် တောင်သူလယ်သမား အကျိုးစီးပွား ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများကို လည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “မျိုးစေ့ပြပွဲ ၂၀၂၅” ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်ဧည့်သည်တော်များသည် အခမ်းအနား တက်ရောက်လာကြသည့် မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တောင်သူများနှင့်အတူ မျိုးစေ့ထုတ်စိုက်ခင်းများ၊ ပြခန်းပြကွက်များကို လှည့်လည်ကြည့်ရှုကြသည်။
“မျိုးစေ့ပြပွဲ ၂၀၂၅” တွင် စိုက်ခင်း (၁၂) ဧက အသုံးပြုစိုက်ပျိုးထားရှိပြီး ကုမ္ပဏီ (၄) ခုနှင့် ဌာနမှ သီးနှံ (၇) မျိုး၏ မျိုးပြားပေါင်း (၃၀) ကို စိုက်ပျိုးထားကြောင်း၊ အဆိုပါ စိုက်ခင်းများတွင် နေကြာသီးနှံ (၁၂) မျိုး၊ အစေ့ထုတ်ပြောင်း (၇) မျိုး၊ စင်တင်ဟင်းသီးဟင်းရွက်မျိုးစုံ (၁၅) မျိုး၏ မျိုးပြား (၃၉) မျိုးကို စိုက်ပျိုးထားပြီး၊ ဌာန (၃) ခု ကုမ္ပဏီ (၂၁) ခုတို့က ပြခန်း (၃၂) ခန်း ခင်းကျင်းပြသထားကြောင်း၊ ပြပွဲသို့ လာရောက်လေ့လာကြသည့် တောင်သူများက ကြည့်ရှုလေ့လာပြီး ကိုယ်တိုင်အကဲဖြတ်ပေးခြင်းဖြင့် တောင်သူများ ကြိုက်နှစ်သက်သော မျိုးများဖော်ထုတ်နိုင်မည့် အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ထားသည့်အပြင် တောင်သူပညာပေးဆွေးနွေးပွဲများ၊ အမေးအဖြေပဟေဠိ ဉာဏ်စမ်းဂိမ်းများကိုလည်း ထည့်သွင်းဆောင်ရွက်ထားကြောင်း သိရသည်။
“မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) ကို မတ် (၁) ရက်မှ (၃) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ကြကြောင်း၊ လေ့လာသူများ၏ သိရှိလိုသည်များကို စိုက်ခင်းအလိုက် ပြခန်းများအလိုက် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်