ရန်ကုန် ၆ ဇွန် 


ဇွန်လ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအတွက် အုပ်ချုပ်ရေးနှင့် သမိုင်းဆိုင်ရာ အထောက်အထား တန်ဖိုးရှိသော မှတ်တမ်း၊ မော်ကွန်းပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ အမျိုးသားမှတ်တမ်းများမော်ကွန်း တိုက်ဦးစီးဌာန(အောက်မြန်မာပြည်ခွဲ)တွင် ပြသမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါပြပွဲ၌ မြန်မာဘုရင်ခေတ်တွင် သုံးစွဲခဲ့သည့်တံဆိပ်များ၊ နိုင်ငံခေါင်းဆောင်များ၏ လက်မှတ်များ၊ ရတနာပုံခေတ် ဗြိတိသျှမော်ကွန်းများ၊ ၁၉၃၉ ခုနှစ်မှ ၁၉၄၈ ခုနှစ်ကာလ၊ တော်လှန်ရေးကောင်စီကာလ၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ထင်ရှားသည့် ကြေငြာချက်များနှင့် လွတ်ငြိမ်းချမ်းသာခွင့်၊ ၁၈၈၅ ခုနှစ်ကာလ ဓာတ်ပုံပြကွက်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ခေတ်(၂၀၁၁-၂၀၁၅အထိ) ကာလ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ခေတ် (၂၀၁၆ ခုနှစ်မှ ယနေ့အထိ)ကာလနှင့် မှတ်တမ်း၊ မော်ကွန်းဆိုင်ရာ စာချုပ်များ၊ စာတွဲများ၊ ဓာတ်ပုံများ၊ Burma Police ခေတ်မှတ်တမ်းများ၊ လူရည်ချွန်မှတ်တမ်းများ၊ အလှူရှင်များ လှူဒါန်းထားသည့် မှတ်တမ်း မော်ကွန်းများနှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ လုပ်ငန်းစဉ်များကို ပြသထားမည်ဖြစ်ကြောင်း သိရသည်။ 


ပြပွဲအား ဇွန်လ ၈ ရက်နေ့နှင့် ဇွန်လ ၉ ရက်နေ့များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ် အထိ ပြည်သူများနှင့်ကျောင်းသား ကျောင်းသူများအား အခမဲ့ပြသမည်ဖြစ်ကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း