ကော့သောင်း ၁၂  ဇူလိုင်


(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့  မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကော့သောင်းမြို့၊ အလကခွဲ(သီရိမြိုင်) ကျောင်းရှေ့ကွင်းပြင်တွင် ပြုလုပ်ခဲ့သည်။ 


အသိပညာပေးဆောင်ရွက်မှုတွင် ကျောင်းသားကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦး က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် သိမှတ်ဖွယ်ရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အစရှိသည့်များကို အသိပညာပေး ဟောပြောပြီး ကျောင်းသားကျောင်းသူများကို အာဇာနည်နေ့နှင့်ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိ မေးခွန်းများ မေးမြန်းဖြေကြားစေခဲ့ပြီး ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။


ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စား လေ့လာကြည့် ရှုခဲ့ကြကြောင်း သိရသည်။    


ကျော်စိုး (ကော့သောင်း)