ရန်ကုန် ၂၆ ဇွန် 

(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)ကို ဇူလိုင် ၁၉ မှ ၂၁ ရက်အထိ အများ ပြည်သူများလေ့လာနိုင်ရန် အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးများရုံး စီမံကိန်းတာဝန်ခံ ဦးမျိုးမင်းဝင်းထံက သိရသည်။
 
“ဇူလိုင် ၁၉ ကနေ ၂၁ ရက်အထိ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်ပေးသွားပါမယ်။ အဲဒီသုံးရက်တာ ကာလအတွင်းကိုတော့ အခမဲ့ ဝင်ခွင့်ပြုမှာပါ။ ပန်းချီပြခန်းပါမယ်။ ပါလီမန်အဆောက်အအုံကို ကြည့်ရှုခွင့်ရမယ်။ ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်နေတုန်း လုပ်ကြံခံရလို့ ကျဆုံးသွားတဲ့ အခန်းကိုတော့ ပေးမတက်ပါဘူး” ဟု ဦးမျိုးမင်းဝင်းက ပြောသည်။ 

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံခံခဲ့ရသည့် အခန်းကို မူလပုံစံအတိုင်း ပြင်ဆင်နေဆဲဖြစ်၍ တက်ရောက်ကြည့်ရှုခွင့် မပြုထားသော်လည်း အခန်းပုံစံကို ပရိုဂျက်တာနှင့် ပြသထားမည်ဖြစ်ပြီး ဗိုလ်ချုပ်တို့ကျဆုံးစဉ်က ကျန်ရှိခဲ့သည့် ပစ္စည်း (၂၈) မျိုးကိုလည်း TV ဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရသည်။ 

ဝန်ကြီးများရုံးစီမံကိန်း တာဝန်ခံ ဦးမျိုးမင်းဝင်းက “ဗိုလ်ချုပ်တို့ အခန်းကို မူလပုံစံအတိုင်းဖြစ်အောင် ပြင်ဆင်နေတဲ့ ပြီးစီးမှုအနေအထားကို ပရိုဂျက်တာနဲ့ ပြသထားပါမယ်။ ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က ကျန်ခဲ့တဲ့ ပစ္စည်း(၂၈) မျိုးကိုလည်း တီဗွီနဲ့ ပြသထားပါမယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အခန်းကတော့ အခုချိန်ထိ ပြင်ဆင်နေဆဲပဲ ဖြစ်ပါတယ်။ ဆေးခွာတာနဲ့ ကျည်ဆံပေါက်ရာတွေ့တာ လောက်အထိပဲပြီးသေးတယ်” ဟု ပြောသည်။ 

အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနေရာကို ၁၉၉၀ ခန့်တွင် ဘုရားခန်းအဖြစ် ပြောင်းလဲခဲ့သော်လည်း အာဇာနည်မိသားစုဝင်များက ၁၉၄၇ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ချိန်တွင်ရှိခဲ့သည့် အမှုဆောင်ကောင်စီ အစည်းအဝေး ခန်းမအတိုင်း ပြန်လည်ထားရှိရန်၊ အများပြည်သူ လေ့လာနိုင်သည့် ပြတိုက်အဖြစ် ထားရှိရန်၊ ပြတိုက်သည် အာဇာနည်များရှိစဉ်က ပုံစံအတိုင်း ထင်ဟပ်စေရန် သဘောဆန္ဒပြုသဖြင့် ယခင်ပုံစံအတိုင်း ရှိစေရန် ပြန်လည်ပြင်ဆင်နေခြင်း ဖြစ်သည်။ 

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)နှင့် အနော်မာ ကုမ္ပဏီတို့သည် ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ၈ ဦးတို့ လုပ်ကြံခံခဲ့ရသည့် အစည်းအဝေးခန်းမကို နဂိုမူလပုံစံနှင့် အခင်းအကျင်း အနေအထားများအတိုင်း ပြန်လည်ဖော်ထုတ်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး ပြင်ဆင်ပြီးပါက ဆယ်စုနှစ်ပေါင်းများစွာ ဖုံးအုပ်ကွယ်ပျောက်နေခဲ့သည့် အခန်း၏ အနုစိတ် လက်ရာများနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတို့ကို ပိုမိုလေ့လာနိုင်တော့မည်ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ… ရဲခေါင်ညွန့်၊ သန့်ဇင်ဝင်း