ရန်ကုန် ၂၆ နိုဝင်ဘာ
၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ စိစစ်အကဲဖြတ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟို ပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ရောင်စုံ ဓာတ်ပုံပြိုင်ပွဲတွင် စိစစ်အကဲဖြတ်ခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နာယက ဒါရိုက်တာ ပန်းချီစိုးမိုး နှင့် ဥက္ကလာထွန်းရွှေ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ရုပ်ရှင်) ဦးရဲလင်းမြင့်၊ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ ဓာတ်ပုံပညာရှင်များ ဖြစ်ကြသည့် ဒေါက်တာမြင့်သိန်းဖေ၊ ဦးမိုးမင်း၊ ဦးအောင်ကျော်မိုးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ထုတ်လုပ်) ဦးအောင်ကျော်ထက်တို့က ပြိုင်ပွဲဝင်ဓာတ်ပုံများ စိစစ်အကဲဖြတ်ခြင်းနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးကြသည်။
ထို့နောက် ရောင်စုံဓာတ်ပုံပြိုင်ပွဲ စိစစ်အကဲဖြတ်ကြသူများက ပြိုင်ပွဲဝင်ဓာတ်ပုံများထဲမှ အကြိုက်ဆုံးဓာတ်ပုံ ၁၅ ပုံခန့် ရွေးချယ်၍ ထိုပုံများထဲမှ အကြိုက်တူညီမှုများသည့် ဓာတ်ပုံများကို အဆင့်ဆင့် စိစစ်ရွေးချယ်ကာ ဆုရဓာတ်ပုံများအဖြစ် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ငါးဆုအပါအဝင် စုစုပေါင်း ဆုရှစ်မျိုးကို သတ်မှတ် ရွေးချယ်ကြသည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ ၂၀၉ ဦးက ပြိုင်ပွဲဝင်ဓာတ်ပုံ ၁၁၁၆ ပုံ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားတို့၏စည်းလုံးညီညွတ်မှုများ၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်မှုများ၊ နိုင်ငံသားတို့၏ စည်းကမ်း ပြည့်ဝမှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


