ဘားအံ ဇန်နဝါရီ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် ညပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာ စားပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ညစာမသုံးဆောင်မီနှင့် သုံဆောင်နေစဉ်အတွင်း ဘားအံမြို့နယ် ဂီတအစည်းအရုံးမှ အနုပညာရှင်များနှင့် ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ နည်းပြ၊ သရုပ်ပြများက တေးသံသာများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုညစာ စားပွဲတွင် သီဆိုတီးမှုတ် ဖျော်ဖြေပေးသော ဘားအံမြို့နယ် ဂီတအစည်းအရုံးကိုလည်ကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ နည်းပြ၊ သရုပ်ပြများအားလည်းကောင်း ဂုဏ်ပြုလက်ဆောင်များ နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကာ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို စည်းလုံးခြင်းသည် အင်အား ဟု အဓိပ္ပာယ်ရသည့် ကရင်တေးသီးချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့သည်။
ဂုဏ်ပြုညစာ စားပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)