ရန်ကုန် ဩဂုတ် ၂၈

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်   ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။

 

စုံစုံညီညီပါဝင်ဆင်နွှဲပေး

 

ရှေးဦးစွာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ် ရေးနေ့  အထိမ်းအမှတ်  ပဒေသာကပွဲကို ၂၀၂၂ ခုနှစ်  နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ရန် လျာထား ဆောင်ရွက်လျက်    ရှိပါကြောင်း၊ စိန်ရတု  လွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံအတွက် အလွန်ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်သကဲ့သို့ ကြုံတောင့်ကြုံခဲ ပါဝင်ဆောင်ရွက်ခွင့်ရမည် ဖြစ်သဖြင့် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဒေသာကပွဲအတွက် လိုအပ်သည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်သဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ညှိနှိုင်းပေါင်းစပ်၍ အောင်မြင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပဒေသာကပွဲတွင် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်များ၊ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များဟူ၍ စနစ်တကျခွဲခြားရေးဆွဲ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး ပြည်သူများ စိတ်လက်အပန်းပြေစေရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပဒေသာကပွဲ အစီအစဉ်များတွင် ပြည်သူများအတွက် ပျော်ရွှင်စရာ၊ အပန်းပြေစရာများ ပါဝင်ရမည် ဖြစ်သကဲ့သို့ လွတ်လပ်ရေးနှင့် ပတ်သက်သည့် တွေးတောဆင်ခြင်စရာများလည်း ပါဝင်စေချင်ပါကြောင်း၊ ပဒေသာကပွဲကြီးကို ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များ စုံစုံညီညီ ပါဝင်ဆင်နွှဲပေးစေချင်ကြောင်း၊ သို့ဖြစ်၍ တက်ရောက်လာသူ ပညာရှင်ကြီးများ၊ တာဝန်ရှိသူများက ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းများကို အကြံပြုဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။

 

အကြံပြုဆွေးနွေး

 

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ပဒေသာကပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ ကြသည်။

 

သတင်းစဉ်