နေပြည်တော် ဇန်နဝါရီ ၇

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဉက္ကဋ္ဌ    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဉက္ကဋ္ဌ   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံ၊ နေပြည်တော် ကောင်စီဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဉီးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊  ဉီးမောင်မောင်ဝင်း၊  ဉီးထွန်းအုံ ၊ ဉီးဇော်ဝင်း၊ ဒေါက်တာ အေးထွန်း၊ ဉီးမင်းထိန်၊ ဉီးဇော်အေးမောင်၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဝင် ဉီးမြင့်စိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပမည့်  အခမ်းအနားသည် တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မည့် အခမ်းအနားတစ်ခုဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍  ယနေ့အစည်းအဝေးတွင်    မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဒုတိယ    ဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်  နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် တို့က   အမှာစကား ပြောကြားကြသည်။

ယင်းနောက်   အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးရဲတင့်က  အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက   ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ်  ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ ဉက္ကဋ္ဌ ၊ ဒုတိယ ဉက္ကဋ္ဌ နှင့် တိုင်းဒေသကြီး / ပြည်နယ်ဝန်ကြီးများသည် တိုင်းဒေသကြီး / ပြည်နယ်များမှ ပါဝင်ပြသမည့် အလှပြယာဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်