ရန်ကုန် ဇူလိုင် ၁၉
(၇၅)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူ ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြု တပ်ဖွဲ့များ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကြပြီး နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူကာ နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့အမျှပေးဝေကြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ရန်ကုန်မြို့ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) အတွင်းသို့ ယမန်နှစ်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဝင်ရောက်လေ့လာခွင့်ပြုထားခြင်း မရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထား သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်ပြသထား သည်။
ယနေ့ ဇူလိုင် ၁၉ ရက်တွင် ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမ နှင့် ပါလီမန်အဆောက်အအုံနေရာတို့ကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန် ယနေ့ တစ်ရက်တာ အထူးဖွင့်လှစ်ပြသ ခဲ့သည်။ ကျန်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အစည်းအဝေးခန်းမနှင့် ပါလီမန် အဆောက်အအုံနေရာ၊ အခြားလေ့လာစရာ သမိုင်းဝင်နေရာများကို အများပြည်သူများ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရပြီး အများပြည်သူများ လာရောက်လေ့လာ သည့်အခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်း ဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥဩဆွဲ အချက်ပေးပြီး ယာဉ်နှင့် ပြည်သူများက ရပ်တန့်ကာ ဦးညွှတ်အလေးပြုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)